PJ နဲ့ ပြည်ပထွက်ခွာခွင့် ယာယီရပ်ဆိုင်းမှု အေဂျင်စီဘက်က လျော်ကြေးပေးရမှုတွေ ဖြစ်လာနိုင်

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅
SS (VOM)
အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) နဲ့ ပြည်ပထွက်မယ့်သူ အားလုံးကို အလုပ်သမားဝန်ကြီးဌာနက ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းလိုက်ပြီး ဒီကိစ္စကြောင့် အေဂျင်စီနဲ့ အလုပ်သမားတွေအကြား အခက်အခဲတွေ ကြုံနေရတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိ ပြည်ပ အလုပ်ထွက်လုပ်ခွင့် ရပ်ဆိုင်းမှုမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ပါဝင်လာတာဖြစ်ပြီး PJ နိုင်ငံကူးလက်မှတ်နဲ့ ထွက်ခွာမယ့်သူအားလုံးကို အကြောင်းပြချက်မပေးဘဲ အခုလို ယာယီပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်က အမျိုးသမီးတွေနဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို ခွင့်ပြုထားသေးတယ်။ အခုက အမျိုးသမီးတွေလည်း ပါလာတာပေါ့။ ကန့်သတ်မှုတွေ နောက်ပိုင်း ပိုဆိုးလာနိုင်တယ်။ အလုပ်သမား ဝန်ကြီးဌာနဘက်ကတော့ ဒီလို ပိတ်ထားတာကို ယာယီလို့ ပြောတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကြာသွားနိုင်မယ် မသိသေးဘူး။ နောက်ထပ် အမိန့် တစုံတရာ မထုတ်ပြန်မချင်း CJ နဲ့ ပြည်ပထွက်ခွင့် တားထားမယ်ပြောတယ်။ ဘာ့ကြောင့် ပိတ်တာလဲ ဆိုတာနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနဘက်က ပြောတာတော့ ဒီအချိန်မှာ ပြည်ပထွက်မယ့်သူ အရမ်းများနေတဲ့အတွက် ဒါကို ပြန်စိစစ်ဖို့ ရှိနေတယ်၊ လုပ်ငန်းစဉ်မူဝါဒ ပြောင်းလဲဖို့ ရှိနေတယ် ဆိုတာလောက်ပဲ ပြောတယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
လက်ရှိမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့်သူတွေကို ထွက်ခွာခွင့် တားမြစ်ထားတာဖြစ်ပြီး အတားခံထားရတဲ့ အလုပ်သမားဦးရေ ၁၀၀၀ ကျော်ဝန်းကျင် ရှိတယ်လို့ သူက ပြောပါတယ်။
“အခုက ကြိုတင် အကြောင်းကြားမှု မရှိဘဲ ရုတ်တရက်ကြီး ရပ်ဆိုင်းလိုက်တာဆိုတော့ အလုပ်သမား၊ အေဂျင်စီ၊ နှစ်ဦးနှစ်ဖက် နစ်နာမှုတွေကတော့ အများကြီးပါပဲ။ ကျွန်တော်တို့ အေဂျင်စီတွေနဲ့ စာချုပ် ချုပ်ပြီးသား အလုပ်သမားတွေဘက်မှာလည်း နစ်နာမှုတွေ ရှိလာနိုင်သလို၊ အေဂျင်စီတွေဘက်ကလည်း မူဝါဒ အပြောင်းအလဲမှာ ထွက်ခွင့်မရတဲ့သူ ပါလာရင် လျော်ကြေး ပေးရမှုတွေ ရှိလာနိုင်တယ်။ လျော်ရမယ့်သူ များရင် များသလောက် နစ်နာမှုတွေ ပိုကြီးသွားနိုင်တယ်။ အလုပ်အကိုင်တွေလည်း နှောင့်နှေးသွားနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် မနေ့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံခန်းမမှာ PJ သမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card – OWIC) ကတ် ရိုက်ပေးခြင်းကို ယာယီရပ်နားလိုက်ပြီး အလုပ်သမားတွေကို ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
“ကတ်ဘယ်နေ့ ပြန်ရိုက်ပေးမယ်ဆိုတာလည်း မပြောဘူး။ ဒီတိုင်း ပြန်လွှတ်လိုက်တာ။ ဘယ်အချိန်ထိ စောင့်ရဦးမယ်ဆိုတာလည်း မသိရဘူး။ ပြည်ပမှာ အလုပ်သွားလုပ်ဖို့အတွက် အိမ်ရောင်းပြီးရတဲ့ ပိုက်ဆံတွေကို ရင်းထားရတာ။ ဟိုရောက်မှ အလုပ်ကရတဲ့ ပိုက်ဆံတွေ တဖြည်းဖြည်းချင်း ပြန်စုပြီး အိမ်ပိုင်လေး ပြန်ဝယ်နိုင်အောင် ကြိုးစားမယ်ဆိုပြီး စီစဉ်ထားတာ။ လောလောဆယ်တော့ ဒီမှာကျန်ခဲ့မယ့် မိသားစုက အိမ်ငှားနေရမှာပေါ့။ သူများပိုက်ဆံကို အတိုးနဲ့ ချေးငှားပြီးလည်း မသွားချင်ဘူး။ ဒါကြောင့် အခုလို စီစဉ်လိုက်တာ။ အတိုးပေါ်အတိုးဆင့်ပြီး မြုပ်သထက်မြုပ်နေရမယ့် ဘဝကိုလည်း မလိုချင်လို့။ အရဲစွန့်ပြီး အိမ်ပိုင်လေးကို ရောင်းပစ်လိုက်တာ။ ဒီအခြေအနေကျမှ အခုလိုကိစ္စတွေ ဖြစ်လာတော့ သွားဖို့၊ မသွားရဖို့က မသေချာတော့ဘူး။ ကျွန်မတို့ တမိသားစုလုံး ဘဝပျက်ရမယ့်ကိန်း ဆိုက်နေပြီ” လို့ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ဖို့ စီစဉ်ထားသူက ပြောပါတယ်။
ပြည်ပနိုင်ငံတွေဆီ အလုပ်သမားစေလွှတ်ရာမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားတွေ ပြည်ပ သွားရောက်ခွင့်ကို ဇန်နဝါရီ လကုန်ပိုင်းမှာ ကြိုတင် အကြောင်းကြားမှု မရှိဘဲ ကန့်သတ် ပိတ်ပင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ဒါအပြင် ပြည်ပနိုင်ငံတွေဆီ မြန်မာလုပ်သား စေလွှတ်မှုတွေလည်း ကန့်သတ်ထားပြီး ထိုင်းနိုင်ငံကို တလလျှင် အလုပ်သမားအရေအတွက် အယောက် ၂၀၀ ၊ ဂျပန်နိုင်ငံကို အယောက် ၂၀၀ ၊ မလေးရှားနိုင်ငံကို အယောက် ၁၀၀ နဲ့ စင်္ကာပူနိုင်ငံကို အယောက် ၅၀ စသဖြင့် အရေအတွက်ကန့်သတ် စေလွှတ်ရမယ့်အပြင် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှသာ စေလွှတ်ခွင့်ပြုမှာ ဖြစ်ကြောင်းကိုလည်း ဝန်ကြီးက ပြောကြားထားပါတယ်။
လက်ရှိ ပြည်ပနိုင်ငံတွေမှာ မြန်မာအလုပ်သမား သန်းနဲ့ချီ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အလုပ်သမားအသစ်တွေ ထပ်မံ စေလွှတ်ရေးထက် ပြည်ပရောက် မြန်မာ အလုပ်သမားတွေဆီက အခွန်ငွေ ရရှိရေးကိုသာ ဦးစားပေး ကောက်ခံသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောဆိုထားပါတယ်။
ဒါအပြင် ပြည်ပနိုင်ငံတွေကနေ ခွင့်နဲ့ မြန်မာနိုင်ငံကို ပြန်လာမယ့် အလုပ်အကိုင်ပတ်စ်ပို့ (PJ) နဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း အမျိုးသားတွေ ပြည်ပပြန်လည် ထွက်ခွာခွင့်ကိုလည်း ဝန်ကြီးဌာနက ကန့်သတ်ထားတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဆက်လက်ပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီ လိုင်စင်ကြေးအတွက် ငွေအပေါင်ကြေး တိုးတောင်းဖို့အပြင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းကို ဝန်ကြီးက သွားရောက် စစ်ဆေးတဲ့အခါမှာလည်း ပြည်ပမှာ ရောက်ရှိနေတဲ့ အလုပ်သမားစာရင်းတွေ ရရှိနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းတွေကတဆင့် လိုအပ်တဲ့ မူဝါဒတွေ ရေးဆွဲချမှတ်နိုင်ရေးတို့ကို အလုပ်သမားဝန်ကြီးဌာနလက်အောက် အရာရှိတွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ စနစ်တကျ မှတ်ပုံတင်ထားရှိဖို့ လိုအပ်ပြီး ဒီအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) တွေရဲ့ အချက်အလက်တွေ လုံခြုံမှုရှိအောင် ထိန်းသိမ်းဖို့ကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW