ကျိုင်းတုံ အားကစားကွင်းတိုက်တန်းရှိ ဆိုင်ခန်းပေါင်း ၁၄၀ ကျော်ကို ဖျက်သိမ်းမှာဖြစ်လို့ ဆိုင်ဖွင့်ထားသူတွေ အခက်တွေ့

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
ZY (VOM)
နှစ်ပေါင်း (၃၀)ကျော်အကြာ ဖွင့်လှစ်ခွင့်ပြုထားခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်းတိုက်တန်းရှိ ဆိုင်ခန်းပေါင်း (၁၄၀)ကျော်ကို ဖျက်သိမ်းရှင်းလင်းမှာဖြစ်ကြောင်း အသိပေးလာတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဆိုင်ဖွင့်လှစ်ရောင်းချနေသူတွေအနေနဲ့ သိရပါတယ်။
ကျိုင်းတုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရဲ့ ကြီးကြပ်မှုအောက်ရှိ အဲဒီအားကစားကွင်းပတ်လည်က ဆိုင်ခန်း ၁၄၄ခန်းကို သတ်မှတ်ပုံစံတည်ဆောက်ပြီး ၁၉၉၀ ဝန်းကျင်က နှစ်(၂၀) သက်တမ်းနဲ့ ငှားရမ်းစာချုပ် ချုပ်ဆိုကာ ငှားရမ်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ထပ်မံ သက်တမ်းတိုးခြင်းအဖြစ် (၃)နှစ်သက်တမ်းတိုးတွေကို ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၉ခုနှစ်တွေမှာ နှစ်တိုးငှားရမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ သက်တမ်း ဆက်လက်တိုးခွင့် မပေးတော့ဘဲ ဆိုင်ခန်းများအားလုံးကို ဖျက်သိမ်းဖို့ အထက်ဌာနက ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ညွှန်ကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်ကလည်း နှစ်ကြိမ်လောက်ရှိပြီ။ စာလာပြီး ဆိုင်ခန်းရှင်တွေကို လက်မှတ်လာထိုးခိုင်းတာ၊ ဆိုင်ဖွင့်ထားတဲ့သူတွေက အသနားခံပြီးတော့ ဆက်ဖွင့်နေကြတာ။ အခုကတော့ ဖျက်ဆီးရှင်းလင်းမှာဖြစ်လို့ သိမ်းစရာရှိတာတွေ သိမ်းထား၊ ရွေ့ထားဖို့ လာပြောသွားတာ။ ဆိုင်ခန်းဖယ်ပေးရမယ်ဆိုတော့ ဆိုင်ဖွင့်ထားတဲ့သူတွေက အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခရောက်ကုန်တာပေါ့”လို့ ဆိုင်ဖွင့်လှစ်ထားသူတယောက်က VOMကို ပြောပါတယ်။
ကျိုင်းတုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရဲ့ သတင်းရင်းမြစ်တယောက်ကတော့ “ပြည်နယ်က စာထုတ်တာဆိုတော့ ခရိုင်အနေနဲ့က ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ။ ဘယ်အချိန်မှာ ဖယ်ရှားရှင်းလင်းမယ်လို့တော့ အတိအကျမညွှန်ကြားလာသေးပါ”လို့ VOMကို ပြောပါတယ်။
အဲဒီဆိုင်ခန်းတွေကို သက်ဆိုင်ရာက ဖယ်ရှားမှာဖြစ်တဲ့အတွက် ဆိုင်ခန်း အရောင်းအဝယ်ပြုလုပ်သူတွေ အနေနဲ့ သတိထားကြဖို့ အသိပေးထားတယ်လို့ပေမယ့် ဖယ်ရှားရှင်းလင်းပြီးနောက် ဆက်လက်လုပ်ကိုင်မယ့် အစီအစဉ်ကို မသိရသေးဘူးလို့လည်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
# Voice of Myanmar #VOM #အားကာတိုက်တန်း#ဆိုင်ခန်းတွေဖယ်ရှားမယ်

Related posts

Leave a Comment

VOM News

FREE
VIEW