ဖေဖော်ဝါရီ ၂၁ – ၂၀၂၅
SN (VOM)
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ အယောက် ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါက်တောမြို့ပေါ်နဲ့ ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်မ်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော် စတဲ့ ကျေးရွာတွေမှာ မနေ့ နေ့လယ် ၁ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“မနေ့ နေ့လယ် ၁ နာရီခွဲလောက်က စပြီး ၂ နာရီကျော်တဲ့အထိ ဆက်တိုက်ဆိုသလို ဖြစ်သွားတာ။ လူသေဆုံး၊ ဒဏ်ရာရအပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိတယ်။ သေဆုံးသွားတဲ့ သူတွေက ကျောင်တောင်ရွာမှာ သုံးယောက်ရှိမယ်။ မညင်းကိုင်းရွာမှာ တယောက် ရှိမယ်။ ဒဏ်ရာရတာက ၁၇ ယောက်လောက် ရှိမယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ကိုးယောက်လောက်က အနီရောင်အဆင့်ဖြစ်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေဟာ နီးစပ်ရာ ဆေးခန်းမှာ ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသူဦးရေ ထပ်မံ တိုးလာနိုင်ခြေ ရှိနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ပေါက်တောမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ AA က ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိ AA က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်တွေမြို့နဲ့ ဆက်စပ်နေတဲ့ မြို့နယ်လည်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပေါက်တောမြို့ လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်ကပါ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၂၈ ယောက် သေဆုံးခဲ့ကာ ၂၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ၂၆ ယောက် သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင် ကျေးရွာအနီးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးခဲ့သလို ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဂွမြို့နယ်၊ ဆပ်သွားကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ