ဖေဖော်ဝါရီ ၂၀ – ၂၀၂၅
SS (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေ၊ ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးမောက်မြို့နယ်က နှင်းအီကျေးရွာမှာ မနေ့ မနက် ၁ နာရီ ဝန်းကျင်က ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ငါးယောက် ဒဏ်ရာရရှိပြီး နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထပ်မံပြီး မနက် ၁ နာရီ ၂၄ မိနစ်ဝန်းကျင်မှာ ဝက်ငင်းကျေးရွာမှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လေကြောင်း တိုက်ခိုက်မှုက ၅ မိနစ်အတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်သွားတာ။ မနက်အစောကြီး အားလုံး အိပ်မောကျနေတဲ့ အချိန်မှာ ဖြစ်သွားတာ။ အခုဖြစ်တဲ့ရွာတွေက ရှမ်းရွာတွေပေါ့။ လူသေတာလည်း ဟုတ်တယ်။ နှင်းအီရွာက ဒဏ်ရာရ ငါးယောက်မှာ နှစ်ယောက်က အနီရောင်အဆင့် ဖြစ်တယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး လက်ရှိ တိုက်ပွဲ ပြင်းထန်လျက်ရှိတဲ့ ဗန်းမော်မြို့နဲ့ ၈ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
ဝက်ငင်းရွာနဲ့ နှင်းအီရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက လူသေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ် ပျက်စီးမှု အခြေအနေတွေကို သတင်းထုတ်ပြန်ထားပြီး နစကဘက်ကတော့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဧရာ၀တီမြစ် အနောက်ဘက်ကမ်း မြစေတီရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်၊ စင်းခန်းရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲ လေးနှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ သေဆုံးသူ စုစုပေါင်း ၇၇၅၇ ယောက်အထိ ရှိခဲ့တာမှာ ကချင်ဒေသမှာတော့ သေဆုံးသူ အယောက် ၅၆၀ ရှိခဲ့ပြီး အဲဒီအထဲ ၂၀၂၄ ခုနှစ်မှာတော့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ Myanmar Peace Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
Photo – CJ