မတ်-၁၀-၂၀၂၅
ဖိုးသား (VOM)
ထနော့လူမျိုးတွေဟာ မွန်-ခမာအုပ်စုတွင် ပါဝင်ပြီး “ဝ-ပလောင်”အုပ်စုခွဲ သုံးမျိုးထဲမှ ရှမ်းပလောင် သွေးနှောတဲ့လူမျိုးလို့ ပညာရှင်တွေက ယူဆကြပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ် တဝန်းမှာ မွန်-ခမာမျိုးနွယ်တို့ အခြေစိုက်နေထိုင်ကြရာကနေ ရှမ်း-မြန်မာတို့ ဝင်ရောက်သိမ်းပိုက်မှုကြောင့် တောင်အရပ်ဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ မွန်လူမျိုးတွေနဲ့ ကွဲပြားပြီး ရှမ်းပြည်နယ်တဝန်း ကြွင်းကျန်ရစ်တဲ့ လူမျိုးစုဖြစ်တယ်လို့ ဆိုကြပါတယ်။
“ထနော့”လူမျိုးတို့က လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ တောင်ပို့လှ၊ ချောင်းခြားနဲ့ သအယ်သစ် ကျေးရွာတို့မှာ အများဆုံးနေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး နောင်အင်ရွာမှာလည်း အများဆုံး ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဘုရားဦးရွာ၊ ထုံးဖိုရွာ၊ သစ်ပင်ထောင်ရွာ၊ ဘန့်ဘုန်းရွာ၊ သိမ်ကုန်းရွာ၊ ရွာသစ်ကုန်းရွာတို့မှာလည်း အနည်းငယ် ပျံ့နှံ့နေထိုင်ကြပြီး တောင်ပို့လှနဲ့ သအယ်သစ်ရွာတို့ကသာ “ထနော့”လူမျိုးတွေ သီးသန့်နေထိုင်တဲ့ ရွာအဖြစ် ကျန်ရှိပါတော့ပါတယ်။
ကျန်ရွာတွေမှာတော့ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးတွေနဲ့ ရောနှောနေထိုင်ကြပြီး အဓိက စီးပွားရေးလုပ်ငန်းကတော့ တောင်ယာနဲ့ ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာပါ။ လူဦးရေကတော့ ၆၀၀၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ ထနော့စာပေနှင့် ယဉ်ကျေးမှုအသင်းမှ သိရပါတယ်။
“ဟိုးအရင်ခေတ်အဆက်ဆက်ကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ ပညာရေးစနစ် နောက်ကျတာတွေကြောင့် ထနော့ဆိုရင် ဘေးပတ်ဝန်းကျင် မြို့၊ ရွာအနည်းငယ်လောက်ကလွဲပြီး ထနော့ဆိုရင် လူမသိကြဘူး။ စာပေယဉ်ကျေးမှုတွေ၊ ရိုးရာအမွေအနှစ်ထိန်းသိမ်းမှုတွေကလည်း အားနည်းခဲ့ကြတော့ တိုင်းရင်းသားအရေး တောင်းဆိုပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေကိုလည်း မသိခဲ့ကြ၊ နားမလည်ခဲ့ကြဘူး။ အခုနောက်ပိုင်းမှာတော့ ပညာတတ်တချို့လည်း ပေါ်ထွက်လာတော့ ရိုးရာအမွေအနှစ် လက်ဆင့်ကမ်းထိန်းသိမ်းတတ်အောင်၊ အမျိုးသားရေး၊ တိုင်းရင်းသားအရေး နားလည်အောင် လုပ်နေတယ်။ စာပေလည်း ဖော်ထုတ်သွားဖို့ ရှိပါတယ်”လို့ ထနော့စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။
ပထမဆုံးအကြိမ်ထနော့အမျိုးသားနေ့ကို တောင်ပို့လှရွာမှာ မတ်လ ၈ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကိ ထနော့စာပေနှင့် ယဉ်ကျေးမှုအသင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု ၊ တောင်ပို့လှ ကျေးရွာမှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တာပါ။ ထနော့တိုင်းရင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မှ ပြန်လည်ပြီးတော့ အမျိုးသား အလံတော်၊ အမျိုးသားဝတ်စုံနဲ့ အမျိုးသားနေ့တို့ကို အတည်ပြုသတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ မတ်လအတွင်းက ထနော့တိုင်းရင်းသား တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီအစည်းအဝေးကနေ ထနော့တိုင်းရင်းသား ရိုးရာဝတ်စုံ၊ ထနော့တိုင်းရင်းသားအလံ၊ ထနော့တိုင်းရင်းသား အမျိုးသားနေ့တို့ကို အတည်ပြုသတ်မှတ်နိုင်ခဲ့တာပါ။
နှစ်စဉ် တပေါင်းလဆန်း (၁၀)ရက်ကို ထနော့အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပထမဆုံး စတင်ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်သလို မနေ့မတ်လ ၈ရက်၊ မနက်ပိုင်းမှာတော့ ပွဲအခမ်းအနား ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထနော့ အမျိုးသားနေ့ အခမ်းအနားကို ရှမ်းတိုင်းရင်းသားအဖွဲ့၊ အင်းသားတိုင်းရင်းသားအဖွဲ့၊ ဓနု တိုင်းရင်းသားအဖွဲ့၊ ပအိုဝ်း တိုင်းရင်းသားအဖွဲ့၊ တောင်ရိုးတိုင်းရင်းသားအဖွဲ့ တို့ တက်ရောက်ခဲ့ကြပါတယ်။
“လူဦးရေနည်းပါးလာတဲ့ ထနေ့တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်သန်လာစေဖို့၊ ထနော့တိုင်းရင်းသားသမိုင်းကို မှတ်တမ်းတင်နိုင်ဖို့၊ ထနော့တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဓလေ့ ထုံးတမ်း အစဉ်အလာတွေနဲ့ အနုပညာတွေကို ထိန်းသိမ်းတတ်စေဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့တာပါ။ လာမယ့်နှစ်တွေမှာလည်း ကျင်းပဖို့ ရှိပါတယ်။ ကျင်းပမယ့် နေရာကတော့ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်”လို့ ထနော့စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။
ထနော့” လူမျိုးတို့ဟာ ၎င်းတို့အချင်းချင်း “ကနော်”လို့ ခေါ်ကြပါတယ်။ “ထနော့”တို့ရဲ့ စကားအရ “ကနော်” ဆိုတဲ့ ဝေါဟာရက “အေးအေးဆေးဆေး နေတတ်သော လူမျိုး” လို့ အဓိပ္ပါယ်ရပါတယ်။ သူတို့ရဲ့ ပါးစပ်ရာဇဝင်အရ ရှေးယခင် ဘုရားရှင်လက်ထက်က လူသားတွေကို စာပေနဲ့ ဘာသာစကားတို့ကို ပေးသနားဖို့အတွက် လူသားမျိုးနွယ်တွေကို ခေါ်ယူစည်းဝေးစေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစည်းဝေးပွဲကြီးကို အခြားလူမျိုးအားလုံး ရောက်ရှိသွားချိန်မှာ ဘုရားရှင်မှ လူမျိုးတမျိုးကျန်ရှိနေကြောင်း သိရှိသွားတဲ့အတွက် သွားရောက်လိုက်လံရှာဖွေစေခဲ့ပါတယ်လို့ သမိုင်းစာအုပ်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီလို လိုက်လံရှာဖွေကြတဲ့အခါ ကျန်ရှိနေတဲ့ လူမျိုးငယ်ကို အိပ်ပျော်နေတာကို လူမျိုးကြီးထဲမှ အမျိုးသမီးတယောက်က တွေ့ရှိသွားပြီး အိပ်ပျော်နေတဲ့ လူမျိုးငယ်ကို အစည်းအဝေးကို သွားဖို့ “ထ…နော်”လို့ နိုးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလူသားက ဘုရားရှင်ထံ ရောက်တဲ့အခါမှာ အစည်းအဝေးကြီးလည်း ပြီးစီးသွားပြီးဖြစ်ရာ အဲဒီလူမျိုးနွယ်ကို ပေးသနားဖို့ စာပေနဲ့ ဘာသာစကားတွေ မကျန်တော့တဲ့အတွက် လူမျိုးတမျိုးစီမှ ဘာသာစကားတမျိုးစီ ပေးလိုက်ကြဖို့နဲ့ အဲဒီလူသားကို “ထ…နော်”လို့ နိုးခဲ့ရတဲ့အတွက် “ထ…နော်” မှ “ထနော်”၊ “ထနော်”မှ“ထနော့”ဆိုတဲ့ တိုင်းရင်းသားမျိုးနွယ်အမည်တွင်လာတယ်လို့ ယူဆကြကြောင်း ထနော့သမိုင်းဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ထနော့လူမျိုးတို့က အရပ်အမောင်းမှာ မြန်မာတို့နဲ့ ခြားနားမှု မရှိသလို အသားလတ်သူတွေ ဖြစ်ကြပြီး ဆံပင်နက်ကာ ဖြောင့်ပါတယ်။ အမျိုးသား၊ အမျိုးသမီးတွေက အိမ်မှာ နေထိုင်ကြတဲ့အချိန်မှာ သော်လည်းကောင်း၊ တောင်ယာလယ်ယာသွားတဲ့ အချိန်မှာ သော်လည်းကောင်း ခေါင်းပေါင်းပေါင်းလေ့ ရှိကြပါတယ်။ ဘာသာတရားကိုင်းရှိုင်းကြသူတွေ ဖြစ်သလို စိတ်နေစိတ်ထားမှာလည်း ရိုးသားဖြူစင်ကြပါတယ်။ ဧည့်ဝတ်ကျေပွန်ပြီး အေးအေးချမ်းချမ်း နေထိုင်လိုကြသူတွေဖြစ်သလို ဘုရား၊ တရား၊ သံဃာအသက်ကြီးသူတွေရဲ့ အဆုံးအမကိုလည်း သဝေမတိမ်း လိုက်နာခဲ့ကြတယ်လို့ ဆိုပါတယ်။
“လေးလံထိုင်းမှိုင်း ကိုင်းရှိုင်းရိုသေ မှတ်ပေ ထနော့တွေ”ဆိုတဲ့ သူတို့ရဲ့ ဆိုရိုးနဲ့အညီ ခပ်အေးအေး နေတတ်ကြပြီး ဘာသာရေးကို ရိုသေကိုင်းရှိုင်းကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပြီး အိမ်တိုင်းမှာ ဘုရားစင်ရှိကာ ဗုဒ္ဓဘုရားဆင်းတုတော်ကို ထားရှိကိုးကွယ်ကြသလို နတ်ကိုးကွယ်မှုလည်း ရှိကြပါတယ်။ တနှစ်တခါ နတ်စင်ကုန်းသို့ သွားရောက်ပြီးတော့လည်း ပူဇော်ပသလေ့ ရှိတယ်လို့ ဆိုကြပါတယ်။
ပျောက်ကွယ်လုနီးပါးဖြစ်လာနေ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို မျိုးနွယ်စုတာဝန်ရှိသူတွေက လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေပြီး ထနော့ တိုင်းရင်းသားတို့ နေထိုင်ရာ ကျေးရွာဟာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ လျှပ်စစ်မီး မရတာ၊ သောက်သုံးရေ ရှားပါးတာ၊ ပညာရေး နောက်ကျတာစတဲ့အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ထနော့ တိုင်းရင်းသားတွေအနေနဲ့ စာပေကို ပြုစုဖို့ ကြိုးစားအားထုတ်နေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ပညာရေး နောက်ကျတာတွေနဲ့ တိုင်းရင်းသား အခွင့်အရေးတွေကတော့ ဆုံးရှုံးမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ထနော့ တိုင်းရင်းသားတယောက်က တွေးဆဆနဲ့ ဆိုထားပြီး ထနော့တိုင်းရင်းသားမျိုးနွယ်စုတွေ ပျောက်ကွယ်မသွားရေးအတွက်ကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
Photo:CJ