မတ်လ ၁၁ -၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယအုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦး သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦးကို မတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားပြီးနောက် မတ်လ ၁၀ ရက်နေ့မနက်ပိုင်းမှာ သတ်ဖြတ်ခံထားရတဲ့အလောင်းကို ကျောက်ပန်းတောင်းမြို့အရှေ့ဘက်မှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ခြံရှိတဲ့ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းဘေးက ခြံမှာ ရှိနေချိန်လာဖမ်းခေါ်သွားတာ။သူနဲ့အတူ နောက်ထပ်သုံးယောက်ရှိတာကို.သူ့ကိုပဲဖမ်းသွားတာ။ကားတော့ယူသွားတယ်။လာဖမ်းတဲ့အဖွဲ့ကဆိုင်ကယ်တွေနဲ့ သေနတ်တွေပါတယ်လို့သိရတယ်။အဖမ်းခံရပြီးတော့ လိုက်ရှာပေမယ့် မတွေ့ဘူး။မနေ့ကမှ ကျောက်ပန်းတောင်းအရှေ့ဘက်က ကျောက်ပုံနဲ့ ဝက်မထောက်ရွာကြားမှာ အသတ်ခံထားရတာတွေ့ရတာပဲ။” လို့ မြို့ခံကပြောပါတယ်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှာ ချိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတချက်တွေ့ရှိရပြီး ဒီနေ့ မတ် ၁၁ ရက်မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
မတ်လ ၈ ရက်နေ့ကလည်း
ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့က အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝန်ထမ်းအမျိုးသားနဲ့ဇနီးဖြစ်သူတို့ ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အလားတူ မတ်လ ၆ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျွန်းကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီးဒဏ်ရာရရှိခဲ့ပြီးသားဖြစ်သူကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ညောင်ဦးမြို့နယ်တရားရုံးမှာ ရုံးထုတ်လုံခြုံရေးယူဖို့ ရောက်လာတဲ့ ပုဂံနယ်မြေရဲစခန်းက အမျိုးသမီး ဒုရဲအုပ်ဦးဆောင်တဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Photo -CJ