မတ် ၁၁ – ၂၀၂၅
GG (VOM)
စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ စပါးကို ဝယ်ယူသူမရှိသလောက်ဖြစ်နေတဲ့အပြင် စျေးကျနေတာကြောင့် စပါးစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရပြီးဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီကသိရပါတယ်။
ပြည်ပစျေးကွက်မှာ ဆန်စျေးကျဆင်းနေပြီး ဆန်တင်ပို့မှုလျော့ကျနေကာ ဆန်ကုန်သည်ကြီးတွေက ဆန်ဝယ်ယူမှုတွေရပ်ထားတဲ့အတွက် ကုန်သည်ဝယ်လက်တွေကပါ စပါးဝယ်ယူမှုကို ရပ်လိုက်တာကြောင့် စပါးစျေးကွက်ကျပြီး အဝယ်မရှိတဲ့အထိ ဖြစ်နေရတာဖြစ်တယ်လို့သိရပါတယ်။
” export တင်ပို့မှုခုလဆိုတော်တော်လျော့တယ်။ဆန်အဝယ်မရှိတော့ စပါးအဝယ်ပါအကုန်ရပ်ကုန်တာပေါ့။တနိုင်ငံလုံး အဝယ်ရပ်နေတာပါ။ လိုအပ်သလောက်လေးဝယ်တဲ့အခြေအနေရှိတယ်။ဆန်စက်တွေမှာလည်းစပါးတွေပုံနေတယ်။”လို့ ဆန်ကုန်သည်ကပြောပါတယ်။
ပြီးခဲ့တဲ့ မိုးရာသီကစိုက်ပျိုးထွက်ရှိပြီးသိုလှောင်ထားတဲ့မိုးစပါးစျေးကွက်ဆိုရင် စပါးပေါင် ၅၀ ရှိ တင်း ၁၀၀ ကို သိန်း ၂၀ အောက်ကျဆင်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေသလို လက်ရှိနွေစပါးစျေးကွက်ကလည်း တင်း ၁၀၀ ကို ၁၄ သိန်းကနေ ၁၅ သိန်းကျပ်သာရှိတဲ့အတွက် တောင်သူတွေမှာဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
စပါးစျေးကျနေပြီး အဝယ်မရှိသလောက်ဖြစ်နေတာကြောင့် တောင်သူအချို့ကတော့ စပါးကို ဆန်အဖြစ်ကိုယ်တိုင်ကြိတ်ခွဲကာ ဆန်ဆိုင်တွေကို တင်ပို့ရောင်းချလာကြသလို ရပ်ရွာတွေမှာပဲ တလဆိုင်းအကြွေးစနစ်နဲ့ ရောင်းချမှုတွေရှိလာကြပါတယ်။
” မိုးစပါးတွေက ဝယ်သူရှားနေတယ်။ဘယ်ပွဲစားကိုအဖေခေါ်ရမှန်းမသိဘူး။မိုးစပါးဝယ်လှောင်ထားတာ ၁၈ သိန်းခွဲလောက်ကျတယ်။အခု ၁၇ သိန်းပဲဝယ်တယ်ဆိုတော့ စပါးတရာကို ၁သိန်းခွဲရှုံးနေပြီ။ဘာဆက်လုပ်ရမလဲမသိတော့ဘူး။ခေတ်မကောင်းလို့ပြေးရရင် အကုန်ထားခဲ့ရမှာ။စပါးကို သူတို့တော်တော်လေးထိန်းချုပ်ကြတယ်။လယ်သမားတွေလယ်လုပ်ဖို့စဥ်းစားရတော့မယ်။” လို့ ပဲခူးတိုင်း စပါးစိုက်တောင်သူကပြောပါတယ်။
စိုက်ပျိုးရေးသွင်းအားစုစျေးတွေမြင့်တက်လာလို့ စပါးစိုက်ပျိုးမှုနဲ့ရိတ်သိမ်းခြွေလှေ့ကုန်ကျမှုစရိတ်တွေ မြင့်တက်လာတဲ့နှစ်မှာမှ စပါးစျေးကွက်ကျဆင်းပြီးအဝယ်ပါပျောက်နေတာကြောင့် တောင်သူတွေမှာ ဆုံးရှုံးမှုပိုပြီးကြီးမားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စပါးကိုအဓိကစိုက်ပျိုးတာဖြစ်ပါတယ်။ခုချိန်ထိ စပါးသီးနှံတခုတည်းကိုသာ စီးပွားဖြစ်စိုက်ပျိုးပြီး ရပ်တည်နေတဲ့ တောင်သူတွေအများအပြားရှိနေတယ်လို့သိရပါတယ်။
စပါးစျေးကျဆင်းတဲ့အခြေအနေနဲ့ပတ်သက်ပြီး စျေးကွက်အကြောင်းသိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။