မတ် ၁၀၊ ၂၀၂၅
ZY(VOM)
နစကနဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကာလနောက်ပိုင်း တိုက်ပွဲတွေမရှိသလောက် နည်းပါးသွားပေမယ့် နေရပ်ပေးမပြန်သေးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ဘေးရှောင်တွေ အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေ ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကာလမှာ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုထဲက သရက်ကုန်း၊ ဖြူချောင်၊ ဇာလီ၊ မန်နား၊ ငါးပင် စတဲ့ရွာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာ တနှစ်နီးပါး အချိန်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ အဲဒီကျေးရွာတွေက စစ်ဘေးရှောင် ၄၂၀၀ကျော်ဟာ တိုက်ပွဲတွေမဖြစ်ပွားတာ ၆လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် နေရပ်ပြန်ခွင့်မရသေးသလို အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေလည်း မရှိတော့ဘူးဆိုတော့ ကိုယ့်အိမ်ကိုပြန်ချင်ကြတယ်လေ။ ဒီမှာက ဘာဝင်ငွေမှ မရှိတော့ လာလှူတဲ့ဟာနဲ့ ပါလာတဲ့ဟာတွေနဲ့ပဲ ဖြေရှင်းနေရတာဆိုတော့ ရိက္ခာတွေ၊ အသုံးအဆောင်တွေကအစ မလုံလောက်ဘူး။ အလှူရှင်တွေ မလာတာလည်း နှစ်လပြည့်တော့မယ်။ အဲဒီတော့ ကိုယ့်အိမ်ကိုပြန်ပြီး စားဝတ်နေရေးဖြေရှင်းချင်ကြတာပေါ့”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က VOMကို ပြောပါတယ်။
သရက်ကုန်းကျေးရွာအုပ်စုဟာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နဲ့ ၁၅မိုင်ဝန်းကျင်သာ ကွာဝေးတာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေမလုံလောက်မှုတွေ ကြုံတွေ့နေရတဲ့အပြင် ပညာသင်ကြားခွင့်လည်း ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
ဒေသတွင်းအာဏာပိုင်တွေက အဲဒီသရက်ကုန်းကျေးရွာအုပ်စုနဲ့ အနီးတဝိုက်မှာ အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အတွက် နယ်မြေလုံခြုံမှုမရှိသေးတာကြောင့် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့်မပေးတာဖြစ်ပြီး ကာလတခုစောင့်ကြည့်ကာ နယ်မြေလုံခြုံမှုရှိပါက နေရပ်ပြန်ခွင့်ပေးမှာဖြစ်ကြောင်း ပြောဆိုထားတယ်လို့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။
ဓာတ်ပုံ-gg