မတ် ၁၀၊ ၂၀၂၅
ZY(VOM)
လာမယ့် မတ်လ ၁၃ရက်နေ့မှာ ကျရောက်မယ့် ၇၆နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ VOMသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
အဲဒီအမျိုးသားနေ့အခမ်းအနားကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပွဲလာရာလမ်းတလျှောက်မှာ လုံခြုံရေးဂိတ်တွေ အများအပြား ထားရှိထားမှာဖြစ်သလို ပွဲဧရိယာမှာလည်း လုံခြုံရေးတင်းကြပ်စွာ ချထားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားပွဲနဲ့ ပွဲလာရာလမ်းတလျှောက်ကို ပအိုဝ်းပြည်သူ့စစ်(PNA)က အဓိကထား လုံခြုံရေး တာဝန်ယူပေးမှာ ဖြစ်ပြီး နစကတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကလည်း ပါဝင်ဆောင်ရွက်ပေးကြမှာဖြစ်သလို လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ကိုလည်း ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံကို စာတင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။
“လုံခြုံရေးဂိတ်တွေမှာ လိုအပ်တဲ့ အကူအညီတွေ ချပေးဖို့ ၅ရက်နေ့က စာတင်ထားတယ်။ အဓိကကတော့ ပအိုဝ်းဒေသအသီးသီး နယ်ပယ်စုံကနေ ပွဲလာကြမယ့် ပြည်သူတွေကို လုံခြုံရေးစိတ်ချစွာ သွားလာနိုင်ဖို့ပေါ့။ PNAကတော့ အဓိကတာဝန်ယူပေးမှာ၊ တပ်ကလည်း ပါမယ်။ လုံခြုံရေးဂိတ်တွေကတော့ တောင်ကြီး-ကျောက်တလုံးလမ်း၊ ဆိုက်ခေါင်-တောင်ကြီးလမ်းမှာ အဆင့်ဆင့်ချထားမှာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ပအိုဝ်းဒေသတွေဖြစ်တဲ့ ပင်လောင်း၊ ဆီဆိုင်၊ မောက်မယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပအိုဝ်းတိုင်းရင်းသားထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရပေမယ့် တောင်ကြီးမှာ ပအိုဝ်းအမျိုးသားနေ့ ကျင်းပတဲ့အပေါ်မှာတော့ ပအိုဝ်းတိုင်းရင်းသားအချို့က ဝေဖန်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပအိုဝ်းစာပေသမိုင်းတွေအရ ပအိုဝ်းနွယ်ဖွား သူရိယစန္ဒာမင်းကြီးရဲ့ မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ၁၉၄၇ ခုနှစ်က မွန်ပြည်နယ်၊ သထုံမြို့မှာ စတင်ကျင်းပခဲ့ရာကနေ ယခုအခါ ပအိုဝ်းလူမျိုး အများစုအခြေစိုက်ရာဒေသ အနှံ့အပြားမှာ နှစ်စဉ်ကျင်းပနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MOI(ပုံဟောင်း)