ကျေးသီးမှာ SSPP က တပ်သားသစ်စုဆောင်းရေး ဖိအားပေးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်

မတ် ၁၁၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ နောက်ဆုံးပါတ်ကနေစတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က တပ်သားသစ်စုဆောင်းဖို့ ဖိအားပေးနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ကျေးသီးမြို့နယ်မှာ တပ်သားသစ် စုဆောင်းဖို့အတွက် မြို့နယ်ရှိ လူငယ်စာရင်းတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေထံ ဖိအားပေး စာရင်းတောင်းခံလာမှုကြောင့် အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက တာဝန်ကနေ နှုတ်ထွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“အခုထိဆိုရင် ထွက်စာတင်ထားတာ ငါးယောက်ရှိပြီ။ တချို့ကလည်း ထွက်ချင်နေကြပေမယ့် အခြေအနေ စောင့်ကြည့်နေတုန်းပဲ။ ဖိအား အရမ်းများတယ်လေ။ မဖြစ်မနေမလို့သာ အုပ်ချုပ်ရေးမှူးလုပ်နေကြတာ၊ နှစ်ဖက်စလုံးကို ကြောက်နေရတာဆိုတော့ အခုလိုနှုတ်ထွက်ကြတာ ထူးတော့မထူးဆန်းပါဘူး”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
SSPPက လူငယ်များကို စစ်သားအဖြစ် တိုက်ရိုက်ခေါ်ယူခြင်းမရှိပေမယ့် တပ်သားသစ် စုဆောင်းဖို့အတွက် လူငယ်စာရင်းတွေကောက်ယူဖို့ ဖိအားပေးနေတဲ့အပြင် နစကတပ်ဖွဲ့ကလည်း စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေကို စာရင်းကောက်ယူခိုင်းထားတဲ့အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တဝှမ်းလုံးမှာ SSPPအပြင် RCSS၊ PNO၊ TNLA၊ MNDAAတို့ကလည်း တပ်သားသစ် စုဆောင်းမှုတွေကို အပြိုင်အဆိုင်ပြုလုပ်နေပြီး အခြားသော ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ နစကတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသတွင်းလူငယ်အများအပြားဟာ အိမ်နီးချင်း ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့ထံ တရားမဝင်လမ်းကြောင်းကနေ တိမ်းရှောင်ကာ အလုပ်သွားရောက်လုပ်ကိုင်မှုတွေ ရှိနေသလို ဖမ်းဆီးခံရသူ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg

Related posts

Leave a Comment

VOM News

FREE
VIEW