မတ် ၁၈ – ၂၀၂၅
SS (VOM)
အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွင့် လုံးဝ မရှိတော့ဘူးလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ပြည်ပထွက် အလုပ် လုပ်ကိုင်ခွင့်ကို မနေ့ မတ် ၁၇ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ ငါးရက် ကြိုတင် လျှောက်ထား၊ ခွင့်ပြုချက် ရယူပြီးမှသာ ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“မတ် ၁၆ ရက်နေ့၊ ည ၁၂ နာရီအထိက အလုပ်သမား သက်သေခံကတ် (OWIC) သက်တမ်း ကျန်နေသေးတဲ့ အလုပ်သမားတွေရော၊ ခွင့်ပြန် အလုပ်သမားတွေကိုရော ပြည်ပထွက်ခွင့် ပြုထားသေးတယ်။ မတ် ၁၇ ရက်နေ့ကျမှ ပိတ်လိုက်တာ။ ဒါကိုပြန်ပြီး ခွင့်ပြုချက်လျှောက်ဖို့က ငါးရက် ကြိုတင်ရမှာပေါ့။ ဒါကလည်း သူတို့ဘက်က သေချာစိစစ်ပြီးမှ ပြန်ခွင့်ပြုပေးမှာ ဆိုတော့ ဒီခွင့်ပြုချက် ရဖို့အတွက်က ဘယ်လောက်ကြာမယ် ဆိုတာကိုလည်း ပြောလို့မရသေးဘူး။ အခြေအနေကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပဲ” လို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
PJ အလုပ်သမားတွေ အနေနဲ့ ပြည်ပထွက်ခွင့် ရရှိဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက် migrantdeparture@gmail.com ကို တင်ပြ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပြီး ဝန်ကြီးဌာနအနေနဲ့ ပြည်ပထွက်ခွာခွင့် ရရှိသူတွေစာရင်းကို ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေဆီကို နေ့စဉ် ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“လိုအပ်တဲ့ အချက်အလက် အပြည့်အစုံနဲ့ အလုပ်သမား ဝန်ကြီးဌာနကို လူကိုယ်တိုင် သွားစရာမလိုဘဲ အီးမေးလ်ပေးပို့ လျှောက်ထားရမှာပါ။ ဝန်ကြီးဌာနရဲ့ ခွင့်ပြုစာရင်းမှာ မပါရင်တော့ ကိုယ့်ဆီမှာ ဘယ်လောက်ပဲ စာရွက်စာတမ်း၊ အချက်အလက် ပြည့်စုံနေပါစေ၊ ပြည်ပထွက်ခွင့် ရမှာမဟုတ်ပါဘူး။ အေဂျင်စီတွေ အနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်နေတဲ့ mail တွေကို သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေအပြင် excel ဇယား၊ soft copy/hardcopy နဲ့ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အကျိုးဆောင်တယောက်က ပြောပါတယ်။
အခုလို ခွင့်ပြုချက် တောင်းခံရာမှာလည်း မိမိအစီအစဉ်နဲ့ ပြည်ပ ထွက်ခွာမယ့်သူဖြစ်စေ၊ အေဂျင်စီကတဆင့် သွားရောက်မယ့်သူဖြစ်စေ အကျုံးဝင်တယ်လို့ သိရပါတယ်။
နစကအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ကာ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို ပြောင်းလဲ ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာလုပ်သားတွေကို ပြည်ပ ထွက်ခွာခွင့်နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လာခြင်း ဖြစ်ပါတယ်။
OWIC ကတ် ပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ခေတ္တ ရပ်ဆိုင်းခဲ့ပြီး အခု မတ်လ ၁၀ ရက်နေ့မှာတော့ OWIC ကတ် ရိုက်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီလို ခွင့်ပြုပေးခြင်းကို လာမယ့် မတ် ၂၀ ရက်နေ့မှာ စတင်သွားမှာဖြစ်တယ်လို့ သိရပြီး ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်နိုင်ဖို့ ခွင့်ပြုချက် ရရှိပြီးသူတွေ၊ မိမိအစီအစဉ်နဲ့ (ကျွမ်းကျင်) သွားရောက်မယ့် လုပ်သားတွေကို အလုပ်သမား ဝန်ကြီးဌာနမှ တင်ပြထားတဲ့ ရက်စွဲအလိုက် စိစစ်ပြီး OWIC ကတ် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်နိုင်ဖို့အတွက် ခွင့်ပြုထားတဲ့စာရင်းကို Safe Migration Telegram Channel ကနေတဆင့် ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပြီး အလုပ်သမားတွေအနေနဲ့ OWIC ကတ် ထုတ်ယူရရှိပြီးမှသာ လေယာဉ်လက်မှတ် ဝယ်ယူကြဖို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားပါတယ်။
Photo – CJ