မတ် ၁၈၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအုပ်စု၊ ကျောက်ကြမ်းရွာ အနီးဘက် မတ်လ ၁၇ ရက်နေ့ နေ့လယ် ပိုင်းက လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချသွားတဲ့ အပြင် စက်သေနတ်နဲ့ လည်းပစ်သွားတယ်။ ကြားရသလောက်က ပြည်သူထိတာမရှိဘူးရယ်။”
လို့ ဒေသခံ တယောက်က ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ လောက်မှာ နောင်ချိုမြို့၊ကျောက်ကြမ်းရွာ အနီးကို ပေါင်၅၀၀ ဗုံး ၂ လုံး ထပ်ကြဲသွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“လေယာဉ်ဗုံး သုံးခါ ကြဲသံ ကြားတယ်။ ရွာရဲ့တခြားနေရာဖြစ်ပုံပဲ။ မြို့ပတ်ဝန်းကျင်တော့ မကျသံ မကြားရဘူး။” လို့ သူက ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ နှစ်ရက်ဆက်တိုက် လေယာဉ် နဲ့ ဗုံးကြဲနေတာလို့ သူက ပြောပါတယ်။
နစက တပ်ဖွဲ့ နဲ့နီးစပ်သူ တယောက်က မတ် ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်မှာ တောင်ခမ်းဒေသအနီးရှိ TNLA တပ်ဖွဲ့ စွန့်ခွာထွက်ပြေးသွားတဲ့ စခန်း တခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ေပြာပါတယ်။
နစက တပ်ဖွဲ့ဘက်က စစ်သည် နှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး TNLA တက်ဖွဲ့ ဘက်က အလောင်း တလောင်း၊ AK – 47 တလက်၊ ကျည်အိမ် လေးခု၊ ကျည် ၁၀၀၀ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး နဲ့ မိုင်းမျိုးစုံ ၇ လုံးသိမ်းဆည်း ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်ခန့်ကလည်း နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သံဃာတော်အပါအဝင် ပြည်သူလူထုကိုးယောက် သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLAသတင်းနှင့်ပြန့်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
လေယာဉ် ဗုံးစ ထိမှန်ခဲ့တာကြောင့် ရဟန်း ၂ ပါးနဲ့ သာမဏေ ၄ ပါး ပျံလွန်တော်မူပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက် သေဆုံးကာ သံဃာတော် ၁၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ တဲ့အပြင် လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း နဲ့ နေအိမ်၊ ကျောင်းဆောင်တွေ ပျက်စီးသွားကြောင်းလည်း ဖော်ပြထားပါတယ်။
Photo Crd# Google