မတ် ၂၀၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မှာ လက်နက် လာရောက် ဝယ်ယူတဲ့ စစ်ကိုင်းတိုင်းဘက်က PDF တွေရဲ့ လက်နက်၊ ဆက်သွယ်ရေး ပစ္စည်းနဲ့ ငွေ တချို့ TNLA ရဲတပ်ဖွဲ့ က မတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်က ဖမ်းဆီး သိမ်းယူတာခံရကြောင်း ဒေသခံတွေ၊ PDF တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ ကွတ်ခိုင်အထွက် အောင်ချမ်းသာ ထမင်းဆိုင်မှာ ဖမ်းခံရတယ်။ စစ်ကိုင်း PDF လို့ သိရတယ်။ ကွတ်ခိုင်မှာ တိုက်ပွဲ စဖြစ်ကတည်းက လက်နက် အရောင်း အဝယ်တွေ လုပ်နေကြတယ်။ စစ်ကိုင်းဘက်က လာပြီး လက်နက် လာ ဝယ်ယူ စုဆောင်းတာ ဖြစ်မယ်” လို့ ကွတ်ခိုင် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လက်နက်တွေကို ကွတ်ခိုင်မှာ ရှိနေတဲ့ MNDAA တပ်ဖွဲ့ ဆီမှာရော KIA တပ်ဖွဲ့ ဆီမှာရော TNLA တပ်ဖွဲ့ဆီမှာရော ဝယ်လို့ ရနိုင်ပြီး အရောင်းအဝယ် အလုပ် ဖြစ်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
“အောက်ပိုင်းက လာဝယ်တဲ့သူတွေ ဟုတ်လောက်မယ်ထင်တယ်။ ရောင်းတာလဲ TNLA သူတို့ပဲ ရောင်းတာ။ လက်နက်မှုက ဘယ်လိုမှန်းကို မပြောတတ်ဘူး။ တရားမဝင်ဘူး ဆိုလည်း လာမဝယ်နဲ့လို့ တရားဝင်တားမြစ်လိုက်။ အခုက မဟုတ်ဘူး။ သူတို့လည်းရောင်းတာပဲ။ ပြီးတော့ သူတို့ပဲ ပြန်ဖမ်းကြတာ။ ကွတ်ခိုင် TNLA ရဲစခန်းမှာနေပြီး ဝယ်နေတဲ့သူတောင်ရှိတယ်” လို့ ဒေသခံ PDF တယောက်ကလည်း ပြောပါတယ်။
ဖမ်းပြီးရင်တော့ ပြန်တော့လွှတ် ပေးပြီး လက်နက်ရော ပြန်ပေးတာ ရှိပေမယ့် ပိုက်ဆံတော့ မရတာများတယ် လို့ သူက ပြောပါတယ်။
အခု မတ်လ ၁၆ ညနေ ၃ နာရီ ခွဲကျော်ခန့်က စစ်ကိုင်းဘက်ကတက်လာတဲ့ PDF တပ်ဖွဲ့ ၁၀ ယောက်က ကွတ်ခိုင်မြို့အထွက် အောင်ချမ်းသာ ထမင်းဆိုင်မှာ ဝင်နားနေချိန် TNLA ရဲတပ်ဖွဲ့တွေ ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသတွင်း သတင်းဖြစ်တဲ့ KSSM မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီး သွားချိန် အဲဒီ PDF တပ်ဖွဲ့ ၁၀ ယောက် ဆီမှာပါလာတဲ့ လက်နက်ေတွ၊ ငွေကျပ် သိန်း ၁၀၈၀၊ စတားလင့်စက် တစုံနဲ့ Mi pad တလုံး သိမ်းယူသွား ပေမယ့် ပြန်လွှတ်ပေးချိန်မှာတော့ PDF ရဲဘော်တွေကိုင်ဆောင်ထားတဲ့လက်နက်တချို့၊ ငွေသိန်း ၅၀ နဲ့ သူတို့ စီးလာတဲ့ ကားနှစ်စီးသာ ပြန်ပေးတယ်လို့ ကြားသိရကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ မနက် ၈ နာရီခန့်ကလည်း မြောက်ပိုင်း မဟာမိတ် ညီနောင် သုံးဖွဲ့ ပူးပေါင်းထိန်းချုပ် ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှစ်ဦးနဲ့ TNLA လက်အောက်ခံ Local PDF တဦးတို့ အချင်းချင်း စကားများရာက ဓားထိုးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
Photo Crd#