မတ် ၂၂၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ မြို့နယ်စည်ပင်သာယာရေး ဌာနပိုင် မြို့မဈေးသစ်မှာ မူလဈေးဆိုင်ခန်းပိုင်ရှင်တွေကို လာမယ့်ဧပြီလအစပိုင်းမှာ နေရာပြန်ချပေးမှာဖြစ်တဲ့အတွက် လာရောက်မှတ်ပုံတင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
မူလဆီဆိုင်မြို့မဈေးက မီးလောင်ပျက်စီးသွားတဲ့အတွက် အဲဒီနေရာမှာ ယာယီဈေးဆိုင်ခန်းတွေ တည်ဆောက်ထားပြီး ပြီးခဲ့တဲ့ မတ်လ၊ နောက်ဆုံးပါတ်မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ရာ မူလဈေးဆိုင်ခန်း ပိုင်ရှင်တွေကို တဦးကို တခန်းနှုန်းနဲ့ ပြန်လည်နေရာချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
“မနေ့ကစပြီး လာမှတ်ပုံတင်ဖို့ ခေါ်ထားတယ်။ မူလဈေးဆိုင်ခန်းတွေကို နေရာပြန်ပေးမှာ။ သွားပြီးတော့ မှတ်ပုံတင်တဲ့သူတွေလည်း အများကြီးပဲ။ ပိုနေတဲ့ ဆိုင်ခန်းတွေကိုပဲ တခြားလူကို ငှားပေးမှာ။ အေးအေးချမ်းချမ်းလည်း ဖြစ်နေပြီဆိုတော့ သွားပြီး မှတ်ပုံတင်ကြတာပေါ့။ တော်တော်လေးကို အရင်အတိုင်း ပြန်စည်ကားလာတော့မှာပါ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှစပြီး ဆီဆိုင်မြို့မှာ နစကတပ်၊ ပအိုဝ်းပြည်သူ့စစ် PNOနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PNLAက ဆီဆိုင်မြို့ကို ဝင်ရောက်ထိန်းချုပ်ခဲ့ပေမယ့် နစကတပ်၊ ပအိုဝ်းပြည်သူ့စစ် PNOတို့က ပြန်လည်ထိုးစစ်ဆင်သိမ်းယူခဲ့ကာ တိုက်ပွဲတွေအတွင်း ဆီဆိုင်မြို့မှ ဈေးအပါအဝင် ဌာနဆိုင်ရာ ရုံးတွေ မီးလောင်ပျက်စီးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲတွေတနှစ်အကြာမှာ ဈေးအသစ်ပြန်တည်ဆောက်ပြီးတော့ ဖွင့်လှစ်ရောင်းချခွင့်ပြုတော့မှာ ဖြစ်သလို ဌာနဆိုင်ရာ ရုံးတွေကိုလည်း ပြန်လည်ပြင်ဆင်ပြီးဖြစ်တာကြောင့် ထွေအုပ်ရုံးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ စီးပွားရေးဘဏ်ဝန်ထမ်း၊ သစ်တောဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းစတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အခုမတ်လကုန်မှာ ပြန်လာကြဖို့ နစကတာဝန်ရှိသူတွေက တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။
ကရင်နီအမျိုးသာများကာကွယ်ရေး တပ် (KNDF) စစ်ဗျူဟာ အမှတ် ၂ကတော့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်လို့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကနေ ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့ သွားလာဖြတ်သန်းခွင့်ကို ခေတ္တယာယီပိတ်ထားမယ်လို့ မနေ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ-ဆီဆိုင်စည်ပင်