မတ် ၂၂ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ခြောက်မြို့နယ်မှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မင်းပြား စတဲ့ မြို့နယ်တွေမှာ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံသူတွေ များပြားလာတာကြောင့် အခက်အခဲ ပိုပြီး ကြုံတွေ့ရတယ်လို့ သိရပါတယ်။
“ဒီအချိန်၊ ဒီကာလမှာ သောက်သုံးရေ ရှားပါးတာက နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကျပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ပိုဆိုးလာတယ် ပြောရမယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ စစ်ဘေးရှောင်အရေအတွက်တွေ ပိုတိုးလာတယ်။ ပုံမှန်ဆိုရင် နွေရာသီရောက်မှ ရေရှားတာလေ။ ဒါပေမယ့် အခုက နွေရာသီအစပဲ ရှိသေးတယ်။ ရေရှားတာနဲ့ ကြုံနေရပြီ” လို့ ကူညီပေးနေသူက ပြောပါတယ်။
စားနပ်ရိက္ခာ၊ ဆေးဝါး မလုံလောက်တဲ့ အချိန်မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ထပ်မံ ကြုံတွေ့နေရတာကြောင့် ပိုပြီး အခက်အခဲ ဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။
“လက်ရှိ ရေရှားနေတဲ့ မြို့နယ်တွေထဲမှာ ပုဏ္ဏားကျွန်းက အဆိုးဆုံးလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလောက်ကတည်းက ကျေးရွာ အတော်တော်များများမှာ သောက်သုံးရေပြဿနာ စပြီးဖြစ်လာတာ။ အထူးသဖြင့် စစ်ဘေးဒုက္ခသည်တွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတွေ သောက်သုံးရေပြဿနာ အဆိုးဆုံးပဲ။ ရေရဖို့အတွက် ခရီးဝေးသွားပြီးတော့ ရေခပ်ရတာတွေ၊ အဖွဲ့အစည်းတွေကနေပြီးတော့ ရေကို ခွဲဝေပြီးတော့ လှူပေးတာတွေ လုပ်နေရပြီ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်က ကျေးရွာ အတော်များများမှာ ကျေးရွာအလိုက် တပိုင်တနိုင် တူးဖော်ထားတဲ့ ရေကန်တွေမှာ မိုးရေကို စုဆောင်းထားပြီး ဆောင်းတွင်းနဲ့ နွေရာသီတွေမှာ ခပ်ယူသုံးစွဲကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် အပူချိန်မြင့် တက်လာတာ၊ ကျေးရွာတွေမှာ စစ်ဘေးရှောင်ဦးရေ တိုးလာတာတွေကြောင့် မိုးရေသိုလှောင်ထားတဲ့ ရေကန်တွေမှာ ရေခန်းခြောက်တာတွေ စောလာနေတယ်လို့ သိရပါတယ်။
“သောက်သုံးရေရဖို့ တမိုင်လောက်ဝေးတဲ့ ခရီးကို လမ်းလျှောက်သွားပြီး အဝါရောင် ဂါလံပုံးတွေနဲ့ ရေသွားခပ်ကြရတယ်။ ရေကိုချွေတာနိုင်ဖို့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ရေတခါခပ်ရင် တယောက်စာပဲ ခပ်ခွင့်ပြုတယ်ဆိုပြီး ကန့်သတ်ထားတယ်။ တွန်းလှည်းတွေနဲ့ သယ်ယူတာမျိုးကိုလည်း တားမြစ်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေရှားပါးမှုနဲ့အတူ ပုဏ္ဏားကျွန်း၊ မောင်တောက စစ်ရှောင်စခန်းတွေ အပါအဝင် နေရာအတော်များများမှာ အရေပြားရောဂါနဲ့ ဝမ်းရောဂါ ဖြစ်ပွားမှုတွေ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေလည်း မရရှိကြဘူးလို့လည်း သိရပါတယ်။
“ရေမရှိလို့ သုံးပြီးသား ရေနောက်တွေကို ရေချိုးဖို့၊ အဝတ်လျှော်ဖို့အတွက် ပြန်သုံးနေရတာတွေလည်း ရှိတယ်။ သုံးစရာရေ မရှိတော့ရင်တော့လည်း ရေမချိုးကြရဘူးပေါ့။ ပုဏ္ဏားကျွန်းပြီးရင် ကျောက်တော်၊ မင်းပြား၊ ပေါက်တော အဲဒီနေရာတွေက အဆိုးဆုံးပဲ။ မျက်နှာသစ်ဖို့တောင် ရေမရှိကြတဲ့ နေရာတွေရှိတယ်။ အဲဒါကြောင့် တချို့ စစ်ရှောင်စခန်းတွေမှာဆို အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတာတွေလည်း တွေ့ရတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ခံ တယောက်က ပြောပါတယ်။
လက်ရှိမှာ ULA/AA မှ တာဝန်ရှိသူတွေ၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေက ရေရရှိတဲ့နေရာမှ ရေကို ကားနဲ့သယ်ကာ ဒေသခံနဲ့ စစ်ဘေးရှောင်တွေကို ပြန်လည် မျှဝေပေးနေပေမယ့် လုံလောက်မှုမရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ရေရှားပါးမှုပြဿနာဟာ နှစ်စဉ် နွေရာသီကာလကို ရောက်ရှိတိုင်း ရခိုင်တပြည်လုံး ကြုံတွေ့နေရတဲ့ ပြဿနာတခု ဖြစ်တာကြောင့် ရေအရင်းအမြစ်တွေကို ဖြုန်းတီးမှု မပြုလုပ်ကြဖို့ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
Photo – Cheery Twan (PYA