မတ် ၂၀၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာထဲက ဒေသခံတွေ ပိုင်ဆိုင်တဲ့ မြေယာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးအဖွဲ့က အခုမတ်လအတွင်း အကွက်ရိုက် ရောင်းချမှုရှိနေတယ်လို့ VOMသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တောင်ပိုင်းတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးအဖွဲ့ အာဏာပိုင် တချို့က ဒေသဖွံ့ဖြိုးရေးစီမံကိန်း အတွက်ဆိုပြီး ၂၀၂၄ခုနှစ်အတွင်း သိမ်းယူကာ အခု၂၀၂၅ခုနှစ်အတွင်း အကွက်ရိုက် ရောင်းချ နေတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဆိုပြီး ဒေသခံတွေရဲ့ မြေယာခြံတွေ ပြီးတော့ ဒေသအတူနေ ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနာ့ပိုင်မြေ တွေကို သိမ်းယူပြီးနောက် အခုနှစ် ၂၀၂၅ ထဲမှာတော့ အကွက်ချ ရောင်းချမှုတွေ လုပ်လာတယ်” လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လို အဖွဲ့က ဒေသခံတွေရဲ့ သဘောထားကို လစ်လျူရှုပြီး ဒေသဖွံ့ဖြိုးရေး စီမံကိန်းခေါင်းစဉ်နဲ့ သိမ်းယူပြီး အကွက်ရိုက် ရောင်းချမှု လုပ်နေတဲ့အပေါ် ဒေသခံတွေ ထိခိုက်ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ ဗုဒ္ဓဘာသာ ပိုင် မြေက ဘယ်လောက်ထိ လဲ ဆိုတာတော့ မသိဘူး။ စေတီက အဲဒီ နေရာရဲ့ အပေါ်ပိုင်း ဖြစ်တယ်။ အဲဒီရှေ့က လွယ်ကန် သွားတဲ့ လမ်းလေ။ အဲဒီဘက်မှာ ရှေးယခင်ကတည်းက မြေလွတ်ပဲ။ အခုကျတော့ မြေကွက် ရိုက်ထားကြတယ် “ လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတွေရဲ့ မြေယာ သိမ်းယူမှုနဲ့ ပတ်သက်ပြီး တောင်ပိုင်းတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို အချိန်မီ ရပ်တန့်ပေးဖို့ ကောင်းခါးဒေသခံတွေက ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကတည်းက စာရေးသား ပေးပို့ ထားတယ်လို့ သိရပါတယ်။
“ ခွဲ ဝေ ယူကြတာက လမ်းဘေးကပဲ ဟုတ်တယ်။ စေတီ တည်တဲ့ ဘက်ပိုင်းက မြေနေရာတော့ မဟုတ်ပါဘူး။ အရင်တုန်းက ဦးခင်ညွန့်ရဲ့ လက်ထက်တုန်းက အဲဒီ နေရာ ဘက်ပါ သတ်မှတ် လိုက်တာ လားတော့ မသိဘူး။ ရွာက လူ တချို့က အဲဒီ နေရာဘက် မပါဘူးလို့ ပြောတော့ လမ်းဘေးက ပေ ၁၀၀ လောက် အကွက် ရိုက်ထားတယ်” လို့ ဒေသခံက ဆိုပါတယ်။
မြေယာအရေး တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသားလူငယ် တဦးကတော့ ဒေသခံတွေရဲ့ သဘောထားကို လစ်လျူရှုပြီး မြေသိမ်းယူတာက လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်သလို၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျေးရွာတွေမှာ မလိုလားအပ်တဲ့ ရှုပ်ထွေမှုတွေကိုလည်း ဖြစ်စေတယ်လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။
“ပထမအချက်ကတော့ အခုလို ကောင်းခါး KIO အုပ်ချုပ်ရေးအဖွဲ့တွေ ဒေသခံတွေရဲ့ သဘောထားကို လစ်လျူရှုပြီး ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မြေသိမ်းယူလိုက်တာက လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်နေတယ်။ ဒုတိယအချက် ကတော့ နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးမှု အမြင့်ဆုံးရောက်နေတဲ့အချိန် လူမျိုးပေါင်းစုံနေထိုင်တဲ့ ကောင်းခါး ကျေးရွာထဲက မြေယာတွေကို သိမ်းပြီး အကွက်ရိုက် ရောင်းချနေတာက မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်စေတယ်” လို့ သူက VOMကို ပြောပါတယ်။
မြေသိမ်းယူမှုဟာ ဧက ၁၀၀ လောက်ရှိတယ်လို့လည်း ဒေသခံအချို့ဆိုကြပါတယ်။ ကောင်းခါးကျေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ကချင်လူမျိုးအများစု နေထိုင်ကာ ရှမ်း၊ တအာင်း၊ ဗမာ နဲ့ တရုတ် လူမျိုးတွေလည်း နေထိုင်ကြတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ဒေသခံ