မတ် ၁၉ – ၂၀၂၅
GG (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်း နွားထိုးကြီးမြို့နယ်အပိုင် ပြင်စည်ရဲစခန်းအနီး မိုင်တိုင် ၃၁၉ မိုင်ဝန်းကျင်မှာ ဒီနေ့ မတ် ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့ မြေပြင် ပစ်ခတ်မှုထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့ကသိရပါတယ်။
တိုက်ပွဲပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ အမြန်လမ်းပေါ်သွားလာမှုတွေ ရပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်တိုင်းသွားလာနိုင်ပြီလို့ဆိုပါတယ်။
” ဟုတ်တယ် ဖြစ်တော့ဖြစ်သွားပါတယ်။အခုတော့သွားလာမှုပုံမှန်ပြန်ဖြစ်နေပါပြီ။ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး။ပျက်စီးဆုံးရှုံးမှုဘာမှမရှိပါဘူးခင်ဗျ။ ” လို့ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့ဝင်ကပြောပြပါတယ်။
အမြန်လမ်း ၃၁၉ မိုင်က နွားထိုးကြီးမြို့နယ်အပိုင်ထဲကဖြစ်ပြီး အမြန်လမ်း ပြင်စည်စခန်းအနီးကို နယ်မြေခံ နွားထိုးကြီး pdf အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ နာရီဝက်လောက်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုယာယီရပ်တန့်ခဲ့ရတယ်လို့ ခရီးသွားဒေသခံတွေကပြောပါတယ်။
“အမြန်လမ်းမှာ တိုက်ပွဲဖြစ်နေလို့ ကားတွေ လမ်းဘေးမှာထိုးရပ်ထား ရတယ်။သေနတ်ပစ်သံတွေ ဒီတိုင်းကြားရတယ်။ ” ဆိုပြီး ခရီးသွားပြည်သူတွေက လူမှုကွန်ယက် မှာရေးသားအသိပေးထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့သိရပါတယ်။
အဝေးပြေးကားလက်မှတ်ဝယ်ရင် မိုင်တိုင် ၃၂၅ နဲ့ ၃၅၂ ကြားမှာ ကားရပ်အတင်အချ ခွင့်မပြုပါဆိုတဲ့ မှတ်ချက်ပါတဲ့ ကားလိုင်းတွေလည်းရှိနေပါတယ်။ ဒီနေရာတဝိုက်ဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က မကြာခဏ ဝင်တိုက်တတ်တဲ့နေရာဖြစ်ပါတယ်။
မတ် ၁၄ ရက် ညပိုင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၀၁ မိုင်အနီးရှိဆင်ဇလုပ်ဂိတ်စခန်းတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo – CJ