လေးမျက်နှာမြို့နယ် တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်

မတ် ၂၁ – ၂၀၂၅
SS (VOM)
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ပုသိမ် – မုံရွာလမ်းအနီးက ချင်းလယ်၊ စန်းကုန်း၊ စက်စက်ယို၊ ဝတ်ကုန်း၊ လဲခုံလေးနဲ့ လဲခုံကြီးရွာတွေက ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ပုသိမ် – မုံရွာကားလမ်း ရိုးမတောအနီးက ချင်းလယ်ရွာဘက်ကို နစကတပ်က မတ် ၁၇ ရက်နေ့က နယ်မြေရှင်းလင်းရေး လုပ်လာတာ။ အဲဒီမှာ AA ပူးပေါင်းတပ်နဲ့ တိုက်ပွဲ စဖြစ်တာ။ နှစ်ဖက် ထိခိုက်၊ သေဆုံးတာတွေလည်း ရှိတယ်။ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိတယ်။ လေးမျက်နှာမှာက ဒေသခံတွေတင်မကဘူး၊ ရခိုင်က စစ်ဘေးရှောင်တွေပါ ရောက်နေတာ။ အခုတော့ ဒီမှာပါ တိုက်ပွဲဖြစ်လာတော့ အကုန်လုံး ဒုက္ခရောက်နေကြတယ်။ လက်ရှိ စစ်ရှောင်အရေအတွက်ကိုတော့ တိုက်ပွဲတွေကြောင့် အတိအကျ ရနိုင်ဖို့ခက်တယ်။ ဒေသခံတွေရော၊ တခြားနေရာကလာတဲ့ စစ်ရှောင်တွေရောဆို ခန့်မှန်းခြေ ထောင်နဲ့ချီ ရှိနိုင်တယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာလည်း AA ပူးပေါင်းတပ်ဖွဲ့က ဂွ – ငါးသိုင်းချောင်း လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ အဓိက အရေးပါတဲ့ အမှတ် (၃၀၈) ခြေမြန်တပ်ရင်းကို ထိုးစစ်ဆင်နေပြီး နစကတပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ အသုံးပြုကာ အပြင်းအထန် ခုခံနေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ဧရာဝတီတိုင်း အတွင်းပိုင်းကိုဝင်တဲ့ လမ်းတွေမှာရှိတဲ့ ရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို နစကတပ်ဘက်က ယာဉ်အသွားအလာတွေ ခွင့်မပြုတော့ဘဲ ပိတ်ထားတာကြောင့် အဲဒီလမ်းတွေကို အရေးကြီးကိစ္စမှအပ အသုံးမပြုကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေး ထုတ်ပြန်ထားပါတယ်။
“ပုသိမ် – မုံရွာ ကားလမ်းတလျှောက်မှာလည်း နစကတပ်က အင်အား ဖြည့်တင်းတာတွေလုပ်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်။ တိုက်ပွဲမှာ ဒရုန်းသုံးပြီး တိုက်ခိုက်တာတွေလည်း ရှိတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာနေအိမ်တွေ ပျက်စီးကုန်တယ်။ တချို့ရွာတွေဆို တဝက်နီးပါးလောက် ပျက်စီးသွားတာရှိတယ်” လို့ သူက ပြောပါတယ်။
AA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဂွမြို့နယ်ကို သိမ်းပိုက်ခဲ့ပြီးနောက် ရခိုင် ကမ်းရိုးတန်းတလျှောက် ဧရာဝတီတိုင်းအတွင်း ရွေ့လျားလာခဲ့ပြီး ပုသိမ်မြို့နယ်၊ မကျီးဇင်နဲ့ ဘောမိကျေးရွာရှိ နစကစခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး ရခိုင်ရိုးမကို ဖြတ်ကျော်ကာ မကျီးဇင် – သာပေါင်း လမ်းအတိုင်း ထိုးစစ်ဆင်လာခဲ့ပြီး သာပေါင်းမြို့နယ်ရှိ နစကစခန်းတွေကို တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေသလို ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အပြင် မကွေးတိုင်းနဲ့ ရခိုင်နယ်စပ်တွေမှာလည်း တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW