တဲလ်အဗစ်၊ မတ်-၂၂-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသရှိ နောက်ထပ်နယ်မြေတွေကို သိမ်းယူဖို့ စစ်တပ်ကို အစ္စရေး ကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားပြီး ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေပြန်မလွှတ်ဘူးဆိုရင် ဂါဇာကို အပြီးအပိုင်း သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အသက်ရှင်နေသေးသူတွေနဲ့ သေဆုံးသွားတဲ့ ဓါးစာခံတွေအားလုံး ပြန်ရောက်တဲ့အထိ ဂါဇာမှာ မြေပြင်စစ်ဆင်ရေးတွေကို အပြင်းအထန်လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ကက်ဇ်က သတိပေး ပြောဆိုထားပါတယ်။
ဟားမတ်စ်တို့ ဆက်လက်ငြင်းဆိုလေလေ နယ်မြေပိုမိုဆုံးရှုံးရလေဖြစ်လိမ့်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ ဟားမတ်စ်တို့ကိဖြိုခွင်းနိုင်တဲ့ထိ ကြည်း၊ ရေ၊ လေ စစ်ဆင်သွားမယ်လို့ ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ကျန်ရှိနေတဲ့ ဓါးစာခံ ၅၉ ယောက်အနက် ၂၄ ယောက်အသက်ရှင်နေသေးတယ်လို့ ယူဆရပြီး အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် မအောင်မြင်သေးတာကြောင့် သူတို့ရဲ့ ကံကြမ္မာကတော့ ဝေဝါးနေဆဲဖြစ်ပါတယ်။
ဇန်နဝါရီလမှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သက်တမ်းကုန်ပြီးနောက် အစ္စရေးဟာ ဂါဇာကို လေကြောင်းနဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ယခုသီတင်းပတ်အတွင်းမှာ လူရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီကတော့ ဂါဇာမှာ အလွန်စိတ်ပျက်စရာ အဖြစ်ဆိုးတွေ ဖြစ်ပေါ်နေတယ်လို့ သတိပေးထားပါတယ်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေးကို ဟားမတ်စ်တို့က ပယ်ချခဲ့ကြောင်း အစ္စရေးနဲ့ အမေရိကန်တို့က စွပ်စွဲထားပါတယ်။
အမေရိကန်ရဲ့ အပစ်ရပ်ရေး အဆိုပြုချက်ကို လက်ခံရရှိထားပြီး လေ့လာနေတယ်လို့ ဟားမတ်စ်တို့က မနေ့က ထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဂါဇာက ပါလက်စတိုင်းနှစ်သန်းကို နှင်ထုတ်ပြီး ဂါဇာကို သိမ်းယူကာ ပြန်လည်တည်ဆောက်မယ်လို့ ထုတ်ဖော်ပြောဆိုထားကာ ဒီကိစ္စကို အစ္စရေးကလည်း ထောက်ခံထားပါတယ်။
Ref:BBC
Photo: Getty Images