မတ် ၂၊၃၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဆိုက်ခေါင်-မောက်မယ်-မိုးနဲလမ်းရှိ စစ်ဆေးရေးဂိတ်တွေမှာ အခုမတ်လ၊ အလယ်ပိုင်းလောက်ကနေ စတင်ပြီး ၆ဘီးကားတစ်စီးကို ၆သိန်းအထိ အခွန်ကောက်ခံနေလို့ ကုန်သည်တွေနဲ့ ကုန်ကားသမားတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ကားသမားတွေထံကနေ သိရပါတယ်။
အဲဒီလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ် ၁၆ဂိတ်အထိ ရှိနေပြီး နစကစစ်ဆေးရေးဂိတ် ငါးဂိတ်၊ ပအိုဝ်းပြည်သူ့စစ် PNOရဲ့ စစ်ဆေးရေးဂိတ် ကိုးဂိတ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSSရဲ့ စစ်ဆေးရေးဂိတ် နှစ်ဂိတ်တို့ဖြစ်သလို တစ်ကြိမ်သွားမယ်ဆိုပါက အဖွဲ့ပေါင်းစုံကို ပေးရတဲ့ အခွန်ငွေ ၆သိန်းအထိ ကုန်ကျနေတယ်လို့ သိရပါတယ်။
“၆ဘီးကားတစ်စီးကို ၆သိန်းလောက်ကုန်နေတော့ တော်တော်များတယ်လေ။ ၁၂ဘီးတို့၊ တွဲကားတို့ဆိုရင် ထားပါတော့၊ ကားငယ်တစ်စီးကို ကုန်က ဘယ်လောက်သယ်နိုင်မှာလဲ။ သွားပြီးတော့လည်း စောဒဂ မတက်ရဲဘူးလေ။ ပေးမဖြတ်ဘူး၊ ပြန်လှည့်ဆိုမှ ပိုဆိုးနေမှာစိုးလို့။ ဂိတ်တွေကလည်း အရင်က ဒီလောက်မများဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကမှ ပိုများလာတာ”လို့ ကုန်ကားသမားတယောက်က VOMကို ပြောပါတယ်။
အိမ်စီးကားတွေကိုတော့ ကောက်ခံခြင်းမရှိပေမယ့် ကုန်ကားတွေ၊ ပြောင်းနဲ့ နွား တင်ဆောင်လာတဲ့ ကားတွေထံမှ အခွန်ကို အဓိက ကောက်ခံနေပြီး ခြောက်ဘီး၊ ဆယ်ဘီးနှင့် ဆယ့်နှစ်ဘီးကား အမျိုးအစားပေါ်မူတည်ပြီး အခွန်တွေ ကောက်ခံနေသလို ၁၀ဘီးကားတစ်စီးကို အခွန်ငွေ ခုနှစ်သိန်းခွဲ၊ ဆယ့်နှစ်ဘီးကားတစ်စီးကို ရှစ်သိန်းခွဲအထိ ကုန်ကျနေလို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တောင်ကြီး- လွိုင်လင် လမ်းပိုင်းမှာ တောင်ပြိုမှုဖြစ်ပွားတာကြောင့် ကားလမ်းတွေပိတ်ပြီးနောက်ပိုင်း ကုန်ကားသမားတွေအနေနဲ့ တောင်ကြီး- ဆိုက်ခေါင်- မောက်မယ်- မိုးနဲ-နမ့်စန်လမ်းကို အဓိကအသုံးပြုလာပြီး သွားလာရအဆင်ပြေစေဖို့ အခွန်တွေကို တောင်းသလောက်ပေးနေရတတယ်လို့ ပြောပါတယ်။
အဲဒီမတိုင်ခင်ကာလက တောင်ကြီး- ဆိုက်ခေါင်- မောက်မယ်- မိုးနဲ-နမ့်စန်လမ်းကနေ ရှမ်းပြည်နယ်အရှေ့ပိုင်းကို သွားမယ်ဆိုပါက အခွန်သောင်းဂဏန်းသာ ကုန်ကျခဲ့ပေမယ့် တောင်ပြိုမှုပြီးနောက် ပိုတိုးကောက်လာနေတာဖြစ်ပြီး မတ်လ မတိုင်ခင်က အခွန်ပေးဆောင်ရငွေ ၃သိန်းခွဲဝန်းကျင်သာရှိနေခဲ့ပေမယ့် မတ်လ၊ တတိယပါတ်ကစပြီး ၆သိန်းအထိ ကုန်ကျလာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ဒေသခံ