ဧပြီ ၂၇ – ၂၀၂၅
SS (VOM)
လက်ရှိမှာ နေ့အပူချိန် မြင့်တက်မှုနဲ့အတူ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုတွေလည်း မြင့်တက်နေပြီး မြန်မာနိုင်အပေါ် လက်ရှိ သက်ရောက်နိုင်တဲ့ အညွှန်းကိန်းက အဆင့် ၉ ကနေ အဆင့် ၁၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
“နွေရာသီက နေရဲ့ တည့်မတ်မှု၊ နေရောင်ခြည်ရဲ့ တည့်မတ်မှု ပိုပြီး နီးတဲ့အခါကျတော့ နေအပူချိန်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကလည်း မြင့်တာပေါ့။ ခရမ်းလွန်ရောင်ခြည်ရဲ့ သဘောသဘာဝက နေရောင်ခြည် ကျရောက်မှုရယ်၊ နောက်တခု ကောင်းကင်ပေါ်မှာ တိမ်ကင်းစင်နေတဲ့ အချိန်အခါဆိုရင် နေရဲ့ အလင်းရောင်က ကမ္ဘာမြေကြီးပေါ် ကျရောက်မှု ပိုအားကောင်းတဲ့ အခါကျတော့ အဲဒီ အချိန်မှာလည်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက မြင့်နေတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကို အရောင်နဲ့ ခွဲခြားထားပြီး အစိမ်းရောင်ဟာ အညွှန်းကိန်းနည်းတဲ့ သုညမှ ၂ ဒသမ ၉ အထိ ဖြစ်ကာ အဝါရောင်ကတော့ အညွှန်းကိန်း အတန်အသင့်ပါဝင်တဲ့ ၃ မှ ၅ ဒသမ ၉ အထိ ဖြစ်တယ်လို့ သိရပါတယ်။
လိမ္မော်ရောင်ကတော့ အညွှန်းကိန်းပါဝင်မှု မြင့်မားတဲ့ ၆ မှ ၇ ဒသမ ၉ အထိဖြစ်ပြီး အနီရောင်ကတော့ အညွှန်းကိန်း အလွန်မြင့်မားတဲ့ ၈ မှ ၁၀ ဒသမ ၉ အထိ ဖြစ်ကာ ၁၁ ကျော်ရင်တော့ ခရမ်းရောင် လွန်ကဲအဆင့် ဖြစ်တယ်လို့ သိရပါတယ်။
“ဒီအချိန်ကတော့ နွေရာသီ နေရဲ့အလင်းရောင် ရရှိမှု များတယ်ဆိုတော့ ခရမ်းလွန်ရောင်ခြည်တွေ အမြင့်ဆုံးရှိတယ်။ အမြင့်ဆုံး အချိန်တွေကတော့ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ညနေ ၃ နာရီက အများဆုံးပဲ။ မိုးကြိုကာလရဲ့ သဘောသဘာဝကိုက နေ့အပူချိန်တွေမြင့်မယ်၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ဖြစ်မယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
ဒါအပြင် လက်ရှိ ငလျင်သင့် ဒေသတချို့မှာ နေ့အပူချိန် မြင့်တက်မှုတွေလည်း ဖြစ်ပေါ်နိုင်ပြီး မန္တလေး၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မကွေးတိုင်း (အလယ်ပိုင်း) ဒေသတွေမှာ အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်ကနေ ၄၃ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
နေ့အပူချိန် မြင့်တက်လာမှုနဲ့အတူ နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည် ပါဝင်နှုန်း မြင့်မားလာမှုကြောင့် အပူရှိန်မြင့်မားမှုဒဏ်ကို ပိုမိုသိသာစွာ ခံစားရခြင်းဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် (Ultraviolet – UV) ဟာ လူသားတို့ မျက်စိနဲ့ မမြင်နိုင်တဲ့ နေရောင်ခြည်မှ ဖြာထွက်လာတဲ့ လျှပ်စစ်ရောင်စဉ်လှိုင်းဖြစ်တယ်လို့ သိရပါတယ်။
“နေရောင်ခြည်ရရှိမှု အများဆုံးအချိန်တွေမှာ တတ်နိုင်သမျှ အပြင်မထွက်ဖို့ လိုတယ်။ အကယ်၍ အပြင်ထွက်မယ်ဆိုရင်လည်း ခရမ်းလွန်ရောင်ခြည် တိုက်ရိုက် ကျရောက်မှု နည်းအောင်လို့ အင်္ကျီလက်ရှည် ဝတ်တာတို့၊ အနားကျယ်ပြန့်တဲ့ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ မျက်စိ မထိခိုက်အောင်လို့ UV index ခံနိုင်ရည်ရှိတဲ့ မျက်မှန်တပ်တာ ဒါမျိုးတွေနဲ့ ကာကွယ်ပြီးမှ အပြင်ထွက်ဖို့ လိုပါတယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
ခရမ်းလွန်ရောင်ခြည်ဟာ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ကျရောက်နိုင်တဲ့အတွက် အဲဒီ အချိန်တွေမှာ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
မိုး/ဇလဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၂၅ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့မှာ ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၃ ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်၊ မကွေးမြို့နဲ့ ဂန့်ဂေါမြို့တို့မှာ ၄၃ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မြင်းခြံမြို့မှာ ၄၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့နဲ့ မင်းကင်းမြို့တို့မှာ ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့နဲ့ ကလေးဝမြို့တို့မှာ ၄၂ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စီနဲ့ မုံရွာမြို့မှာ ၄၂ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ