ဧပြီ ၂၉ ၂၀၂၅
SP(VOM)
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ၊ကျွန်းလှမြို့နယ်မှာ တည်ရှိပြီး အထက်မြန်မာပြည်မှာ အကြီးမားဆုံး ဆည်တခုဖြစ်တဲ့ သဖန်းဆိပ်ဆည်ကြီးမှာ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကာလကစလို့ ဆည်ဧရိယာအတွင်းနေ့ရော ညပါ ရွှေမျောတွေ တူးဖော်နေတာကြောင့် ဆည်အတွင်း ဆည်ရေ၀င်မှုလမ်းကြောင်းတွေ ထိခိုက်ပျက်ဆီးပြီး လာမယ့် နွေစပါးစိုက်ရာသီနဲ့ မိုးစပါးစိုက်ရာသီတွေမှာ ဆည်ရေ အလုံအလောက် မရတော့မှာကို ဒေသခံ တောင်သူတွေက စိုးရိမ်နေကြပါတယ်။
ဒေသခံ စပါးစိုက်တောင်သူတယောက်ပြောပြတာက
” သဖန်းဆိပ်ဆည်ရေကို အမှီပြုပြီး ကျွန်းလှ ၊တန့်ဆည် ၊ရေဦး ၊ဒီပဲယင်း ၊ခင်ဦး ရွှေဘို ၊၀က်လက်စတဲ့ မြို့နယ် ခုနှစ်မြို့နယ်က စပါးစိုက်တောင်သူတွေက အဲ့ဒီ သဖန်းဆိပ်ဆည်ရေကို အားထားစိုက်ပျိုးရတာဖြစ်တယ် ၊လက်ရှိ ဆည် ရဲ့ အခြေအနေကတော့ ဆည်ထဲကို အရင်နှစ်ကလို ဆည်ရေ၀င်ရောက်မှု သိသိသာသာကျဆင်းသွားတယ် မိုးမလာတော့ရင် ဆည်ရေမရမှာ စိုးရိမ်ရပြီ”
ရွှေဘို စိုက်ပျိုးရေးသုတေသနဌာနမှာ တာ၀န်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတယောက်က
“ဆည်ရဲ့အနားမှာ ရွှေမျောတွေ ရွှေဖောင်တွေလုပ်ကိုင်လာကြတယ် ၊အဲ့ဒါကြောင့် ဆည်ထဲကို ဆည်ရေ၀င်ရောက်မှု ပမာနကကျဆင်းသွားတာဖြစ်မယ် ၊အဲ့ဒါကြောင့် ဒီနှစ် မိုးစပါးစိုက်ပျိုး ရာသီနဲ့ နွေစပါးစိုက်ပျိုးရာသီတွေမှာ သဖန်းဆိပ်ဆည်ရေ မရမှာကို တောင်သူတွေက စိုးရိမ်နေကြတာ ဖြစ်မယ် ” လို့ ပြောပါတယ်။
ကျွန်းလှမြို့ခံတယောက်က ” သဖန်းဆိပ်ဆည်၀န်းကျင်မှာ ရွှေတူးနေတာ ကြာပြီ ၊ရွှေဖောင်တွေနဲ့ တူးနေတာ ရွှေဖောင် လုပ်ငန်း ရာကျော် ရှိတယ် ၊အရင်ကတော့ ဆည်ဘေးမှာ ရွှေမတူးရဘူးလို့ အမိန့်ထုတ်ထားတယ် ” လို့ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ သဖန်းဆိပ်ဆည်ကြီး၀န်းကျင်မှာ ကျေးရွာတွေအများအပြားရှိပေမယ့် အများစုက ရွှေလုပ်ငန်းရှင်တွေဖြစ်ကြပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွယ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်းက မြေပေါ် မြေအောက်မှာရှိတဲ့ သယံဇာတ ပစ္စည်းတွေကို နိုင်ငံတော်ရဲ့ ခွင့်ပြုချက် မပါရှိဘဲ တူးဖော်ထုတ်လုပ်တာတွေ မပြုလုပ်ရဘူးလို့ နစက မှ အမိန့်ထုတ်ခဲ့ပါသေးတယ်။