ဇွန် ၂၊ ၂၀၂၅
Shy V (VOM )
မြစ်ကြီးနားမှာ ရေဘေးကြောင့် ယမန်နေ့ ဇွန်လ ၁ ရက်နေ့ အထိ အိမ်ခြေ ၈၀၀ ကျော်က မိသားစုတွေ ဘေးကင်းရာ ရွှေ့ပြောင်းရပြီး ရေဘေး ကယ်ဆယ်ရေး စခန်း ၁၀ ခု အထိ ဖွင့်လှစ်ထားရကြောင်း ကချင်ပြည်နယ် အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့် လှစ်ပြီး ယမန်နေ့ ဇွန် ၁ ရက်နေ့ ညနေပိုင်းအထိ အိမ်ထောင်စု ၈၁၀ စု၊ လူဦးရေ ၄၀၂၀ ကို ကူညီကယ်ဆယ် ထားရှိပြီဖြစ်ပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။
ရေဘေး ကယ်ဆယ်ရေး စခန်းတွေကို ကြက်ပေါင်ခြံ ရပ်ကွက်မှာ ရွှေဆုပန် ဘုန်းကြီးကျောင်းနဲ့ အမက (မူလွန်) ကျောင်း၊ လယ်ကုန်း ရပ်ကွက် အမှတ် ၁ မူလွန်ကျောင်း၊ ဇီးလွန် အထက ၁၂ ကျောင်း၊ ရမ်ပူရပ်ကွက်မှာ မာမက ဘုန်းကြီးကျောင်း၊ အထက ၁ ကျောင်းခွဲ၊ အောင်သဒ္ဒိ ဘုန်းကြီး ကျောင်း၊ ရွှေဘိုကျောင်း၊ မြို့သစ်ကြီးရပ်ကွက်မှာ အောင်ဇေရန်အောင် ဘုန်းကြီးကျောင်း၊ မြေမြင့်ရပ်ကွက်မှာ မြေမြင့်ဘုန်းကြီးကျောင်း တွေမှာ ဖွင့်လှစ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီမြစ်ရေသည် မေ ၃၁ ရက်နေ့ မနက်ပိုင်းကစ အရှိန်အဟုန်နဲ့ မြင့် တက်လာခဲ့တာကြောင့် မြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ မြစ်ရေဝင်ရောက် လာကြောင်းလည်း ဖော်ပြထားပါတယ်။
“မြစ်ကြီးနား မြို့ အဝင်၊ အေးမြသာယာနားမှာ ရေတွေ ဝင်ရောက်သွားလို့ ဆိုင်ကယ်တွေ၊ လူတွေ၊ အိမ်စီးကားတွေ ဖြတ်သွားလို့ မရတော့ဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။အခု မနက် ၁၀ နာရီခန့်ကစ ဘုရားတထောင်လမ်းဆုံ ဘက်မှာလည်း ဆိုင်ကယ်တွေ၊ လူတွေ၊ အိမ်စီးကားတွေ သွားလာလို့ မရတော့ပဲ စက်လှေတွေနဲ့သာ သွားလာနေရပြီလို့ သူက ပြောပါတယ်။
“ရေက မကျဘူး။ တက်လာတာ။ မီးတွေလည်း ပျက်ကုန်ပြီ။ ပစ္စည်းတွေက တခြားနေရာ ရွှေ့ပြောင်း သယ်ယူဖို့ မလွယ်လို့ အကေါ်ထပ်မှာပဲ ရွှေ့တင်နေတာ” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂ ရက်နေ့ မနက် ၆ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မြို့ ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာ နိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်လို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူများ အနေနဲ့ ရေဘေးလွတ်ရာ နေရာတွေဘက် ရှောင်ရှားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နှိုးဆော် သတင်းထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် တချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း၊ မိုးရွာတာနဲ့ အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်း ဖြစ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ အကြံပြု ထားပါတယ်။
Photo Crd# မုန်းဒန်နော်
