ဇွန် – ၄ ၊ ၂၀၂၅
GG (VOM)
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးသွားဖွယ်ရှိတယ်လို့ ပညာရေးဝန်းထမ်း အသိုင်းအဝိုင်းက သိရပါတယ်။
အောင်စာရင်းတွေကို မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို မနက် ၆ နာရီမှာဆိုရင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ကျောင်းတွေမှာလည်း ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေလည်း အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုပါတယ်။
အောင်စာရင်းထွက်ရှိမယ့်အပေါ် ဖြေဆိုထားတဲ့ ပြည်မြို့မှာ ကျောင်းသူတစ်ယောက်က ” ရင်ခုန်တာပေါ့။ခုနှစ်ဒီဘက်မှာသချင်္ာမေးခွန်း သတ်ထားတာဆိုတော့ကြောက်မိတယ်။ဆရာမကလည်းဒီနေ့ဖုန်းဆက်လာတယ် သချင်္ာနဲ့ကျသူများတယ်ပြောတော့ပိုကြောက်မိတယ်။ဂုဏ်ထူးဆိုရင်တော့ရူပဗေဒကိုမှန်းထားတယ်။”လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲက စနစ်သစ်နဲ့ဖြေဆိုရတဲ့ ဒုတိယကြိမ်မြောက် စာမေးပွဲ ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံစာစစ် ဦးစီးဌာနကတော့ စာမေးပွဲအောင်စာရင်း ထုတ်ပြန်မယ့် နေ့ရက်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်းနဲ့ နေ့ရက်ကို ကြေညာပေးသွားမယ်လို့ အသိပေးထားပါတယ်။
စနစ်သစ်နဲ့ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာတုန်းကတော့ စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။
ဓာတ်ပုံ – MOI