ဆူးငှက်
ကျွန်တော်သည် ယခုရှင်းတမ်းကို တင်ပြရာတွင် “ရွှေမန်းတောင်ရိပ်ခို” သီချင်းအား ၁- မြို့မငြိမ်း တယောက်တည်းက ရေးသားခဲ့သည်။ ၂ – ချိုပြုံးရွှင်သော အပိုဒ်က မန္တလေးဦးဘသိန်း၊ သံပြိုင်အပိုဒ်က မြို့မငြိမ်း၊ ခါးသေးနွဲ့မူယာချီ အပိုဒ်က အေဝမ်းဆရာညှာတို့ ၃ဦး စုပေါင်းစပ်ပေါင်း ရေးခဲ့သည် စသည့် ပြဿနာကို ရှင်းလင်းမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသီချင်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်လူထုဒေါ်အမာက သုံးသပ်ဆုံးဖြတ်ပြီး ကျွန်တော့်ကိုလည်း သင်ကြား ဆုံးမသည့် စကားကိုပဲ လိုက်နာကာ ထိုသီချင်း၏ ဗျုပ္ပတ်ကိုပဲ တင်ပြပါမည်။
××××× ×××××
“အေးအေးချမ်းချမ်း လောင်စမ်းသင်္ကြန်ရေ
မာပါစေ … တောင်းဆုကိုချွေ။
ဖျန်းပက်သူတို့၊ ယဉ်စစ ချောနွဲ့နွှဲ့လုံမေ …
ထောင့်သုံးရာရှစ်ခုနစ် သင်္ကြန်ရေ …
စွတ်သူစိုသူ ကြည်ဖြူစွာလေ …
စိတ်မှာထင်မြင် ရေစာတွေဖျန်း
မောင်ရင်းပမာ တမ်းတသူတွေ …””
မြို့မငြိမ်း
ကောဇာသက်္ကရာဇ် ၁၃၀၈ ခုနှစ် ကုန်ဆုံးချိန် (၁၉၄၇ခုနှစ်) သင်္ကြန်သည် စစ်ကြီးပြီးနောက် မန္တလေး၌ ပထမဦးဆုံး ပြန်လည် စည်ကား အားတက်လာသော သင်္ကြန်လည်းဖြစ်ပေ၏။ စစ်ကြီးမတိုင်မီက ခြိမ့်ခြိမ့်သည်း ဆင်နွှဲခဲ့သော မန်္တလေးသင်္ကြန်သည် စစ်ကြီးကြောင့် အရှိန်အဟုန် ရပ်တန့် သွားခဲ့သည်။
၁၉၄၅၊ ၁၉၄၆ တွင် ပြန်လည် စုစည်း အားယူခဲ့ကြရသည်။ ထို့နောက် ၁၉၄၇ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ် သင်္ကြန်တွင် စိတ်သစ်၊ လူသစ်၊ အားမာန်သစ်ဖြင့် အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတသင်္ကြန်ကြီးအသွင် အပြိုင်အဆိုင် ဖူးပွင့်ကြဖို့ ၁၉၄၇ ခုနှစ်ဆန်း ကတည်းက စီစဉ်ခဲ့ကြတော့၏။ လက်ဟောင်း အသင်းကြီးများ ဖြစ်သော မြို့မ၊ ရှုတိုင်းယဉ်၊ နန်းရှေ့မောင်၊ ကျောင်းတော်ဗဟို၊ ထီလာမောင် စသော အသင်းများအပြင် ရွာဟိုင်း စျေးမှ ခင့်ကိုကို၊ ရွှေလက်ဝါးစသည့် အသင်းများ ကလည်း ကြိုတင်ပြင်ဆင်လာကြ၏။
သင်္ကြန်အစဉ်အလာအတိုင်း သီချင်း၊ သံချပ်၊ အကမှအစ အလှပြကား၊ အလှပြမဏ္ဍပ်အပြင်အဆင် ဒီဇိုင်းအထိ တစ်သင်းနှင့်တစ်သင်း အပြိုင်အဆိုင် ဆင်နွှဲကြခြင်းဖြစ်ရာ အနိုင်မခံ စိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး အကျော့မပေးစတမ်း ယှဉ်ပြိုင်ကြခြင်းဖြစ်၏။ ထို့ကြောင့် သီချင်းများ ကို ကျိတ်စပ်ကြသည်။ တီးလုံးများကို ကျိတ်တိုက်ကြသည်။ အလှပြကား၊ အလှပြမဏ္ဍပ်ဒီဇိုင်းများ ကျိတ်၍ရေးဆွဲကြဆင်ကြသည်။ ဘယ်သီချင်းတွေ ဘယ်အသင်းက ရေးစပ်နေကြပြီဆိုသည့် သတင်းများကလည်း သင်္ကြန်မတိုင်မီ ခေတ်အစားဆုံး သတင်းများဖြစ်နေတော့သည်။ ဒီနှစ် “မြို့မ” က သီဆိုမည့် သီချင်းတဲ့ဟု ဆိုကာ တစ်ပိုဒ်တလေလောက် ရွတ်ဆိုပြနိုင်လျှင်ပင် မျက်နှာပွင့်လန်းလှသည်။
သင်္ကြန်သီချင်း၊ သင်္ကြန်အသင်းများနှင့် ပတ်သက်ပြီး မြို့လူထုက ပါးစပ်တပြင်ပြင် အသိချင်ဆုံး သတင်း ဖြစ်နေသောအခါ မန္တလေးမြို့ထုတ် တင်းစာများကလည်း ထိုသတင်းကိုလိုက်ကာ ဦးဆုံးဖော်ပြနိုင်အောင် ကြိုးစားကြတော့သည်။ ထို့ကြောင့်လည်း မန္တလေးမြို့ထုတ် လူထုသတင်းစာက ၁၉၄၇ ခုနှစ်၊ ဧပြီလ ပထမပတ်(၁၃၀၈ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်)မှ စ၍ မျက်နှာဖုံးစာမျက်နှာပင် မန္တလေးသင်္ကြန်အဖွဲ့များ၏ သတင်းကို အလှပြကာ ပုံစံဒီဇိုင်း၊ သီချင်း၊ သံချပ်စာသားများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်( ၁၃၀၈ ခုနှစ် နှောင်းတန်ခူးလဆုတ် ၅ရက်) နေ့ထုတ် လူထုသတင်းစာတွင် “ခမ်းနားမည့် မန်းမြို့ရေသဘင်”ဟူသော ခေါင်းစည်းဖြင့် မြို့မကိုဘငွေ ရေးဆွဲသော မြို့မအလှပြယာဉ်ပုံ ဘလောက်ဒီဇိုင်းနှင့်အတူ “မြို့မသဘင်တေးအညွန့်အဖူးကလေးများ” ခေါင်းစဉ်အောက်မှ “ချိုပြုံးရွှင်သော နှမပျိုရယ်၊ တစ်ကိုယ်လုံးယဉ်ချော အလှပိုတယ်” နှင့် “ခါးသေးနွဲ့မူယာကြွယ်၊ လှဂုဏ်ဝံ့ထည်” အစီချီ အပိုဒ်များပါသော သီချင်းစာသားများ “ပျော်ပါစေမယ် လာမကွယ်အလှရယ် ရေပက်ခံမယ်” အစချီ သီချင်းစာသားများ၊ “ရေလောင်းရေပက် ခံလာတယ်၊ သူငယ် ချင်းရင်းတဲ့ လုံမေရယ် …” အစချီ သီချင်းစာသားများ “အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ …” အစီချ သီချင်းစာသားများကို အစ အဆုံး ရိုက်နှိပ် ဖော်ပြပေးထားသည်။ ထို့ပြင် မြို့မရေသဘင်အဖွဲ့သားများ ထိုးမည့် သံချပ်စာသားများပင် ဖော်ပြထားပါ၏။
ထိုရက်ပိုင်းများက လူထုသတင်းစာတွင် နန်းရှေ့ရေသဘင်အသင်း၏ “လွတ်လပ်ရေးကို တိုက်ယူမယ်” ဟူသော အဓိပ္ပာယ်ပါရှိသည့် အမြောက် များ တပ်ဆင်ထားသော တိုက်ရေယာဉ်ကြီးပုံ အလှပြကား၊ မြန်မာ့ဦးစွန်း အမှတ်အသား ဒေါင်းရုပ်ကြီးဆင်ယင်ထားသော ရွာဟိုင်းစျေးမှ ခင့်ကိုကို အလှပြကား၊ လွတ်လပ်ပြီး ခေတ်မီနိုင်ငံသစ်၌ ခေတ်မီအတတ်ပညာကို ဖော်ညွှန်းသည့် ရှုတိုင်းယဉ်အဖွဲ့၏ အာကာသယာဉ်ပုံစံ အလှပြင်ကား၊ ရွှေလက်ဝါးဆေးတိုက်မှ ဒုံးပျံပုံ အလှပြကားများ၏ ဒီဇိုင်းပုံနှင့် သီချင်းများ၊ သံချပ်များကိုလည်း တစ်ရက်စီ ထည့်သွင်း ဖော်ပြထားပါသေးသည်။
“ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင် တွေ့ပေါ့ ဒီနှစ်တွင် ..
အလှဘုရင်တွေ တိုးလို့သာနေ … မြို့မမောင်တွေ အ့ံ့အားသင့်ပါရဲ့ လှရက်ပါပေ့ .. မန်းမြို့ဂုဏ်ပေ
အမြဲပဲထာ၀စဉ် မြို့မမြို့မ မန်းမြို့ရဲ့ ချစ်သည်းစွဲလို့လေ အဆင့်ဆင့်အစ်ကိုတွေ၊ မောင်ကလေးများပေ။
နှမတွေ၊ အစ်မတွေ ခင်မင်သူ ကြီးကြီးတို့ ကျန်းမာချမ်းသာရှိကြပါစေသော်”
ဆရာမြို့မငြိမ်း၏ ခန့်ညားလှသော သီချင်းစာသားများနှင့်အတူ သံစံတီးမှုတ်လာသော တေးသွားကို ကြားရသူတိုင်း ကြက်သီးမွေးညင်း ထကြ ရသည်။
မြိုကမငွေငန်းအလှပြင်ယာဉ်ကို ပြင်ဆင်ထားသည်ကလည်း ထိုနှစ်က ထူးခြား လှပ ဆန်းသစ်နေသည်။ ငွေဖြူရောင် ဖိတ်ဖိတ်တောက် ငန်းကြီး၏ ရင်အုပ်နှင့် ဦးခေါင်းပိုင်းက ကားခေါင်းအပြည့် နေရာယူထားသည်။ ထုပုံဖော်ထားသော ငန်းတောင်များက ကား၏ ဘေးတစ်ဖက်တစ် ချက်စီတွင် အဆင့် ၃ဆင့်ဖြင့် ကားအမြီးပိုင်းအထိ ဆင်ယင်ထား၏။ ကားအမြီးမှာက အခါတိုင်းနှစ်တွေလို အဆင့်ဆင့် စင့်မြင့်မပါ။ ကားအလယ် ခေါင်းမှာပဲ အလျားလိုက် စင်မြင့်ဆင်ပြီး အသင်းသားများက ထိုအပေါ်မှ တီးမှုတ်ကြသည်။
ကားတစ်စင်းလုံး ဝိုက်မိုးထားသော ငန်းရုပ်ကြီးအောက်တွင်မှ ရေခံထည်ကို ဆင်ထားသည်။ လေးထောင့်စပ်စပ် ရေခံထည်မှာ အောက်ဆုံးမှ ပဉ္စဂံပုံ တုံးကလေးတွေ ပတ်လည် ကပ်ရိုက်ထားသည်။ ပဉ္စဂံတုံးလေးများ အပေါ်မှ အပြာလွင်လွင် ရေလှိုင်းငြိမ့်ငြိမ့် ရှိသည်။ အပေါ်မှာက အဖြူ၊ အပြာနု၊ အစိမ်းနုနှင့် အပြာလွင်လွင် လှိုင်းချိတ်ဆင်တွေ တင်ထားသည်။ လှိုင်းချိတ် ဆင်လေးတွေအထက်တွင် အပြာရင့် လှိုင်းထူထူနှင့် အပေါ်က လှိုင်းခေါင်းဖြူဖွေးဖွေးတွေ လှုပ်ရှားနေပုံ ဖော်ထား၏။ လှိုင်းခေါင်းဖြူတွေ အပေါ်မှာ စိမ်းနုရောင်ကို ရေကန်ထည်ပြင်ညီအတိုင်း အပြည့် ခြယ်သ ထားသည်။
ကား၏ ရှေ့တည့်တည့်မှာက ငန်းရင်အုပ်အောက်မှ ရေကန်ထည်ကို လေးထောင့်တည့်ချိုးထား၏။ လှိုင်းတွေက ရှေကတည့်တည့်အလယ်ခေါင် မှာ ဆုံထားပြီး မြို့မအဝိုင်းတံဆိပ်ကို တပ်ဆင်ထားသည်။ ယနေ့အထိ အစဉ်တစိုက် သုံးစွဲနေသော “မြို့မ” ဒီဇိုင်း၊ စာလုံးကို ရှုမ၀ ဦးဘငွေ၊ ပန်းချီ ဦးဘသက်တို့က စတင်တီထွင်ခဲ့ပြီး ပန်းချီဦးဘရင်ကလေး က နောက်ဆုံး လက်စသတ်ခဲ့သည့် စာလုံးပုံစံဖြစ်သည်ဟ ုဆို၏။ အလှပြယာဉ်ပေါ်တွင် တိုင်များဖြင့် ထိပ်၌ ကြွေမီးလုံးများ တပ်ဆင်ကာ မီးလုံးတိုင်များ တစ်တိုင်နှင့်တစ်တိုင်ကိုမီးလုံးကုံးများဖြင့် သွယ်တန်းထား၏။
““သန့်ရှင်းဖြူစင် နှမတွေတို့အသွင်
မြအဆင်းကြည်လင် …
ရေလောင်းနှစ်ကူးတဲ့ ခင်တို့ကိုလေ
မာပါစေ အကြိမ်ကြိမ် ဆုမိန်မိန်
မမောတမ်းလောင်းရုံမကသေးပေါင် .. ကျေးဇူးလည်းတင် ဟိုနှစ်ဆီထွင် …တွေ့သားပေါ့ခင့်ကို
ဒေ၀စ္ဆရာနတ်မျိုးလို့ပဲထင်
ဒီနှစ်မြင်ပြန် ယာဉ်ပုံတွေ စာဖွဲကလေမရိုးပေ
ခါရေအကြို မှန်တင်ထင် …””
ဆရာမြို့မငြိမ်း “အေးအေးချမ်းချမ်း” တေးသွားငြိမ့်ငြိမ့်နှင့်အတူ ငွေငန်းအလှပြယာဉ်က ပြန်လည် ထူထောင်ရေးအတွက် အားခဲနေသော မန္တလေးမြို့၏ ပြတိုင်းစေ့ သွားရောက်လှည့်လည်ရင်း အမျိုးသမီး ရေသဘင်အသင်းများနှင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြပုံကို ကြုံခဲ့ကြရသူတိုင်းက ယနေ့တိုင် မမောနိုင်၊ မပန်းနိုင် ပြောပြ နေကြဆဲဖြစ်သည်။
မြို့မနာယကကြီး ဦးတင်အေးကမူ ထိုနှစ်(၁၉၄၇)က ငွေငန်းမြို့မ အလှပြယာဉ်ကြီး သူနေထိုင်ရာ ဝါးတန်း ရပ်သို့ တစ်ညနေတွင် ၀င်ရောက်လာသောအခါ … အသင်းသားများက သီချင်းစာရွက်လေးတွေ ကိုယ်စီကိုင်ပြီး သီချင်းတစ်ပုဒ်ကို သံပြိုင်သီဆို တီးမှုတ်လာကြသည်ဟုဆို၏။
““ပျော်ပါစေမယ် လာကွယ်အလှရယ်
ရေပက်ခံမယ်၊ မြို့မ မြိုကမ တူနွှဲပျော်တယ်၊
သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်
ပက်စမ်းခင်ရယ် …၊
မြို့မမြို့မ နှစ်ကူးပျော်မယ်…””
““ရှုမ၀နိုင်တယ် လွန်တင့်တယ် …
လိုက်ခဲ့ပါလားကွယ် လုံမငယ်ရယ် …
အလှဂုဏ် အမျိုးမျိုးတိုးလို့
မြို့လုံးပတ် နယ်လုံးပတ်လည်
တူစုံနွှဲလို့ ရေပက်ခံမယ် …”” ဟူသော သီချင်းသံနှင့်အတူ ကလယ်ရီနက်က တေးသွားအတိုင်း အပြန်အလှန် လူးကာ လွန့်ကာ ရက်ဖောက် မှုတ်သွားသံကြားရ၍ ကြက်သီးမွေးညင်းတမျှ ခံစားရသည်ဟု မြို့မဦးတင်အေးက ဆိုသည်။
ထိသီချင်းမှာ ဆရာ ဦးဘသိန်း ရေးစပ်သော သီချင်းဖြစ်ပြီး ကလယ်ရီနက် မှုတ်သူမှာ ယနေ့ မြို့မနာယကကြီး တောင်မြို့ ဦးကိုလေးဖြစ်သည်။ ထိုနှစ်က ဆရာမြို့မငြိမ်း ရေးသားသော ““အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ…”” ကဲ့သို့ အခန့်အညား သီချင်းများနှင့်အတူ ဆရာဦးဘသိန်း၏ မြူးကြွသွက်လက်သော “ရေပက်ခံ မယ်” သီချင်းကလည်း လူတိုင်း ပါးစပ်ဖျား ရေပန်းစားသွားခဲ့သည်။ ထိုနှစ် မြို့မအဖွဲ့၏ သီချင်းသစ်များတွင် ယနေ့အထိ ထင်ရှား ကျော်ကြားနေသော “ရွှေမန်းတောင်ရိပ်ခို” သီချင်းနှင့် အတူ “ရေလောင်းရေပက် ခံလာတယ်၊ သူငယ်ချင်းရင်းတဲ့ လုံမေရယ် …” အစချီ “ရေလောင်း ရေပက်” သီချင်းလည်း ပါ၀င်ခဲ့သည်။
စစ်ကြီးလည်းအပြီး မြို့ပြပြန်လည်ထူထောင်ရေးများလည်း အရှိန်ရလာသောကာလမို့ … တစ်ဖက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော ဖ.ဆ.ပ.လ အဖွဲ့ကြီးက အင်္ဂလိပ်အစိုးရနှင့် လွတ်လပ်ရေးအတွက် တောင်းဆိုညှိနှိုင်းမှုများဖြင့် လမ်းစပေါ်နေသည့် အချိန်လည်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကပဲ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် မြန်မာ-တောင်တန်း သဘောတူစာချုပ်ဖြင့် စည်းလုံးညီညွတ်မှုကြီး ခိုင်မာ စေခဲ့ပြီ။ လူတိုင်း၏ အာရုံနှင့် အနာဂတ်စိတ်ကူးများ၌ “လွတ်ကင်းရေးရရင် …” ဟူသော အစီအမံများနှင့်ချည်းဖြစ်၏။ လွတ်လပ်ရေးရရင် သိပ်္ပံ နည်းပညာတွေ လေ့လာလိုက်စားကြပြီး အာကာသယာဉ်ကြီးဖြင့် စကြ၀ဠာအနှံ့ သွားမယ်ဟူသော စိတ်ကူးဖြင့် အာကာသယာဉ်ပုံစံဖြင့် နာမည်ကျော် “ရှုတိုင်းယဉ်” ရေသဘင်အဖွဲ့က ဆင်နွှဲသည်။ နန်းရှေ့လူငယ်များကတော့ လွတ်လပ်ရေးကို လွယ်လွယ်နှင့်မရလျှင် ဒီလို ရေတပ်တိုက်သင်္ဘောကြီးတွေ နှင့် အရယူမည်ဟူသော စိတ်ကူးဖြင့် ဝေဟင်ပစ်၊ မြေပြင်ပစ် အမြှောက်ကြီးများနှင့် တိုက်သင်္ဘောကြီး ဆင်၏။
ဟော … မန္တလေး ယူနီဗာစီတီ ကောလိပ်ကလည်း ထိုနှစ်သင်္ကြန်မှာ ရေသဘင်အသင်း ဖွဲ့စည်းကာ ပါ၀င်ဆင်နွှဲကြ၏။ ကျောင်းအုပ်ကြီး ဇေယျာမောင် ဦးကိုလေးကို ဂါရ၀ထားပြီး “တက္ကသိုလ်မောင်” ရေသဘင် အလှပြယာဉ် ထွက်ခဲ့သည်။ သီချင်းများကို မြို့မငြိမ်းနှင့် ဆရာညှာတို့က ရေးစပ်ပေးခဲ့ကြ၏။ စန်္ဒရားဆရာမှာ ဆုတောင်းပြည့်ဘုရားအနီးမှ ဂီတလုလင် ကိုညိုကြီး ဖြစ်သည်။
မြို့မငြိမ်းက “တက္ကသိုလ်မောင်”အတွက် …
“သင်္ကြန်ပွဲတော်ပွဲ။ ဆင်နွှဲလာပါတယ်
မန်းရွှေမြို့သူ၊ ဖော့နုအူမေရယ် ..
ဖျန်းပက်စေချင်လို့ ဆက်သွယ်
တက္ကသိုလ်မောင်လေးတို့ မေတ္တာရေစင်အေးလို့ရယ် အသည်းမှာစွဲအောင် ရွှဲရွှဲကြီးစိုစေကွယ် …”” အစချီ သီချင်းတစ်ပုဒ်ကို ရေးစပ်ပေးခဲ့၏။ ထိုသီချင်းတွင်
“အပြုံးမပျက်ပေါင်၊ ချစ်ကြည်သူတွေရယ် …
ကျေးဇူးတွေ တင်လွန်လွန်းလို့
ခင်တို့တစ်အိမ်လုံး ရွှင်ပြုံးကျန်းမာစေကွယ်…၊
ကျောင်းပိတ်တဲ့နေ့ရက်အား၀ယ်
အနားယူကာ ရေသဘင်ဆင်တယ်။
ကောလိပ်သူ အတူနေများကို ပြောမိတာ အမှန်ပါခင်ရယ်၊
ရွှေမန်းသူတွေကိုလေ လွမ်းတယ်လို့
ဗာစီတီမှာနေလည်း အမြဲမေတ်္တာပို့ပါတယ်…”” ဟူ၍ ဆက်လက်ပါရှိခဲ့သည်။
နောက်အပိုဒ်တွင်
““ပျော်ပျော်ရွှင်ရွှင် အခါတော်နှစ်ကူးချိန်၀ယ်
မောင်မယ်တွေ ရွှင်လန်းပါစေချင် လာပြီခင်ရေ …
လူငယ်မောင် တက်္ကသိုလ်တွေကို
ပက်ဖျန်းရေစင် စိုစေချင်။
ဖျန်းပက်ပေးပါလားလို့ ရင်းချာသော စိတ်ထားလျှင်
မုန်းပါဘူးရေရွှဲတော့ အလည်း၀ယ်စွဲရုံပေါ့ခင်၊
သူဇာနွယ်၀င် စန္ဒာငွေမင်းပုံသွင်
မာပါစေ ဆုတောင်းပါတယ် … သင်္ကြန်မေခင် …”” တဲ့။
ထိုနှစ် (၁၉၄၇ခုနှစ်)သင်္ကြန်မှာပင် ဆရာမြို့မငြိမ်းသည် သင်္ကြန်အသင်းများအတွက် သီချင်းပုဒ်ရေ (၂၀)ကျော် အထိ စပ်ဆိုပေးခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ပေသည်။
(၁၃၁၁-၁၂)သင်္ကြန်မှာတော့ ရန်ကုန်ရောက်နေသည့် မြို့မကိုလှဒင်က မန်္တလေးရှိ အပေါင်းအသင်းများကို ခေါ်ယူကာ “ရွှေမန်းရေ ယာဉ်” အမည်ဖြင့် အလှပြယာဉ်ထွက်သည်။ ရန်ကုန်ရောက် “မန်္တလေးမြန်မာကုန်သည်များအသင်း” က ကမ်္မကထပြု စီစဉ်ခဲ့ခြင်းဖြစ်၏။ ဆရာငြိမ်းလည်း စိတ်ပြေလက်ပျောက်သဘောနှင့် ရန်ကုန်သင်္ကြန်သို့ဆင်းကာ ဆင်နွှဲသည်။ မန်္တလေးမှာ မြို့မအသင်းက ငွေငန်းယာဉ်ကြီးနှင့် သင်္ကြန်ပွဲတွေ အဆက် မပြတ်ဆင်နွှဲခဲ့သော်လည်း သီချင်းရေးစပ်ပေးတီးလုံးချပေးခဲ့ရုံကလွဲ၍ ဆင်နွှဲခဲ့ခြင်းမရှိခဲ့သော ဆရာငြိမ်းသည် ရန်ကုန်မြို့ သင်္ကြန်၌ “ရွှေမန်းရေယာဉ်” အလှပြကားပေါ်၌ ငွေငန်းရုပ်ကြီးနှင့်ကပ်လျက်ထိုင်ကာ သင်္ကြန်ပွဲ၌ ဆင်နွှဲခဲ့၏။ ထိုနှစ်သင်္ကြန်အတွက် ဆရာက “သဘာ၀ရွှင်မြူးနှစ်ကူး ဗမာ့ရေ သဘင်” အစချီ “ငြိမ်းချမ်းရေးသင်္ကြန်” သီချင်းကိုလည်း ရေးစပ်ခဲ့သည်။
(သဘာ၀ရွှင်မြူး နှစ်ကူးဗမာ့ရေသဘင်၊
ခါရေစင်လန်းကြည်ရွှင် အေးစေချင် ချမ်းတင်ခင်၊
စိမ့်စိမ့်ချမ်းချမ်း၊ အေးအေးလောင်းပေ၊
လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့
ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်းကြုံလို့ပင်)၂
(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ယဉ်ယဉ် မာပါစေ ဆုထူးဆင်)၂
ပိတောက်တွေ ဝေ၀လွင်လွင် ရွှေရည်လူး
ဖူးပွင့်တဲ့ (ဒီအချိန်တွင်၊ ဗမာပြည်ငြိမ်းချမ်းရေး ရွက်သစ်နုနု၊ ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင်
ငွေငန်းဆုတောင်း အောင်ကြောင်းကိုပင်
ခါတော်ရေသဘင်။
တကယ်တော့ ထိုနှစ်က မန်္တလေးသားတွေ ရန်ကုန်ရေသဘင် ဆင်နွှဲခဲ့ကြသော်လည်း မန်္တလေးရေသဘင်၏ အသံ၊ သီချင်း၊ မြင်ကွင်းများကို ရန်ကုန်သားများက ထိတွေ့ရင်းနှီးနှစ်သက်ပြီး ဖြစ်နေကြပြီ။ အဘယ်ကြောင့်ဆိုသော် ကိုအံ့ကြီး၊ ကိုဘဦးတို့ ဘီတီဘရားသားအဖွဲ့က သူတို့၏ ပြင် ဦးလွင်ချောင်းကွေ့ရှိ ဘီတီကော်ဖီခြံများမှ ကော်ဖီပင်များ စိုက်ပျိုးပုံ၊ ပြုစုပျိုးထောင်ပုံ၊ ရှမ်းပျိုဖြူလေးများ ကော်ဖီခူးကြပုံ၊ ကော်ဖီစေ့များကို အမှုန့် အထိ အဆင့်ဆင့် စီမံဆောင်ရွက်ပုံများကို အဆစ်အပိုင်းကျနစွာ ရုပ်ရှင်ကားတိုလေးရိုက်ကူးပြီး ဘီတီကော်ဖီအား ကြော်ငြာသည်။ ထိုရုပ်ရှင်ကား ပိုင်းတိုလေးမှာ မန်္တလေးသင်္ကြန်မြင်ကွင်းကိုလည်းနောက်ခံသီချင်းများဖြင့် ရိုက်ကူးထည့်သွင်းထား၏။ ကော်ဖီထုတ်လုပ်ပုံ၌ ကိုဘဦး၏ အပြောကလေး ကို နောက်ခံဂီတသံဖြင့် ဖြူးပေးကာ မန်္တလေးသင်္ကြန်အခန်း၌ ကိုအံ့ကြီး၏ အဆိုတွင် တူးပို့တူးပို့ သံမြိုင်မြိုင်ဖြင့်““ရွှေမန်းတောင်ရိပ်ခို”” သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးမှုတ်ထားသည်။ အဆိုကောင်း၊ အတီးကောင်းနှင့် မြင်ကွင်းသစ်၊ အသံသစ်မို့ ဘီတီဘုရားသားရုပ်ရှင်ကားပိုင်းတိုကလေး က ရန်ကုန်မှာ ရေပန်းစားနေသည်။
ထိုကားပိုင်းတိုလေးကို ပြသပြီး ဘီဒီတီးဝိုင်းအဖွဲ့ကလည်း မြို့မသီချင်းများကို ဖျော်ဖြေနေကျမို့ မျက်နှာကြီး အသိုင်းအ၀န်းကြား၌ ကားပိုင်း တိုလေးနှင့်တီးဝိုင်းအား ဖိတ်ကြားပြသစေခဲ့သည်မှာ လက်မလည်တော့။ ပြသဖျော်ဖြေရာနေရာတိုင်းမှာလည်း ““မြနန်္ဒာ၊ ရေညိုညိုရစ်ကာသန်းတဲ့၊ ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်”” ဟူသော သီချင်းသံက ခေတ်စား၍ မဆုံးတော့။
ရန်ကုန်ရဲမင်းကြီး ဦးကျော်မြင့်ကလည်း “ရန်ကုန်မြို့တွင်း အကွက်အကွင်းကောင်းသည့် မည်သည့်နေရာ၌မဆို ခွင့်ပြုချက်ကြိုတင်ရယူရန်မလိုဘဲ ရုပ်ရှင်ပြသခွင့်ပါမစ် ထုတ်ပေးလိုက်၏။ ထို့ကြောင့် ရန်ကုန်တစ်မြို့လုံး ““ရွှေမန်းတောင်ရိပ်ခို”” သီချင်းအကြောင်း အမြဲတမ်းပါရှိစမြဲဖြစ်၏။
ထို့ကြောင့် ဆရာမြို့မငြိမ်းတို့ ရန်ကုန်ရေသဘင်တွင် ပါ၀င်ဆင်နွှဲကြသောအခါ ရန်ကုန်က အထူး အားပေးခဲ့ကြသည်။ ထိုနှစ်က ““ငြိမ်းချမ်းရေး ရေသဘင်”” သီချင်းအသစ်အပြင် ရန်ကုန်က ရင်းနှီးကျွမ်း၀င်ပြီး ““ရွှေမန်းတောင်ရိပ်ခို”” သီချင်းကိုလည်း အထူးပွဲတောင်းခံရသောကြောင့် ““ရွှေမန်း ရေယာဉ်”” အလှပြယာဉ်ပေါ်မှ ဆရာမြို့မငြိမ်း၏ ရှေ့မှောက်မှာပင် ““ရွှေမန်းတောင်ရိပ်ခို”” သီချင်းကို တွင်တွင်ကြီး သီဆိုဧည့်ခံပေးခဲ့ကြရလေသည်။
၁၉၄၇ ခုနှစ်သင်္ကြန်အတွက် စတင်ရေးစဉ်က““ခင့်ငွေငန်းလာပြီကွယ် ဆီးကြိုလှည့်ကွယ်”” ဟူသော စာသားတွင် ရန်ကုန်မြို့ ““ရွှေမန်းရေယာဉ်”” အလှပြယာဉ်ပေါ်မှ သီဆိုင်သောအခါ ““ခင့်ရွှေမန်းလာပြီကွယ် ဆီးကြိုလှည့်ကွယ်”” ဟုပဲ ပြောင်းလဲသီဆိုခဲ့၏။ နောင်တစ်ချိန် ကိုအံ့ကြီးက ထိုသီချင်း ကို ဓာတ်ပြားသွင်း ဖြန့်ချိသောအခါ ““ခင် ရွှေမန်းလာပြီကွယ်”” ဟုပဲ ဆက်လက် သီဆိုသောကြောင့် ဆရာငြိမ်းမိသားစုက မူရင်းစာသား အမှန်ကို လှမ်း၍ ထောက်ပြခဲ့ဖူးသည်။
××××× ×××××
၂၀၀ခုနှစ်ဝန်းကျင်က ထိုသီချင်းနှင့် ပတ်သက်၍ ၃ဦးရေးသားသည်ဟူသော ဂယက်များ စာမျက်နှာ အသီးသီးတွင် ပါရှိပြီး ငြင်းကြ ခုံကြ ရေးကြသားကြ ထိုးနှက်ကြသောအခါ ဒေါ်ဒေါ်လူထုဒေါ်အမာက ကျွန်တော့်ကို အကျိုးအကြောင်း မေးရာ ကျွန်တော်ကလည်း ဂျာနယ်များတွင်ပါသည့် ကြောင်းချင်းရာများကို ဒေါ်ဒေါ့်လူထုဒေါ်အမာအား ပြောပြပါသည်။
(တကယ်တော့ ဒေါ်ဒေါ်က ကျွန်တော့်ကို မေးလို့သာမေးသော်လည်း ဒေါ်ဒေါ်ကိုယ်နှိုက်က ထိုဆောင်းပါးများကို ဖတ်ရှုပြီး ဖြစ်ပါသည်)။ ကျွန်တော်က သိသလောက် ပြောပြပြီးသောအခါ ဒေါ်ဒေါ်က “ ကိုငြိမ်းဆုံးတာ ၁၉၅၅ခုနှစ်ကကွဲ့။ ကိုငြိမ်းမဆုံးခင်ကတည်းက ဒီသီချင်းကို မြို့မကလည်း သီဆို တီးမှုတ်နေတာပဲ။ ဓာတ်ပြားတွေလည်းသွင်း၊ ကက်ဆက်ခွေတွေလည်း သွင်းနေတာပဲ၊ စာအုပ်တွေထဲလည်း ဒီသီချင်းကို ပုံနှိပ်နေတာပဲ၊ ဒီတုန်းကလည်း ဘယ်သူမှ ဘာမှ မပြောကြဘူး၊ မကန့်ကွက်ကြဘူး။ ကိုငြိမ်းရေးတာလို့ မြို့မအသင်းကရော အားလုံး လက်ခံကြတာပဲ။
တခါ ကိုငြိမ်းဆုံးပြီးတော့လည်း သင်္ကြန်ရောက်တိုင်း ဆိုတီးနေကြတာပဲ၊ မောင်ဝင်းဦးလာတော့လည်း ဒီသီချင်းကို နှစ်တိုင်း မြို့မ ရေသဘင်ကားနဲ့ ဆိုနေ တီးနေတာပဲ။ အဲ့ဒီတုန်းကလည်း ဘာမှ မပြောကြဘူး။ ဘယ့်နှယ် ကိုငြိမ်းဆုံးတာ နှစ်၄၀ကျော် ၅၀နီးမှ ထပြောကြတာက မဟုတ်သေးဘူးကွဲ့။ ဒီသီချင်း တပုဒ်ကြောင့် မြို့မငြိမ်းဆိုတာ ဖြစ်လာတာ မဟုတ်သလို ဒီသီချင်းတပုဒ်ကြောင့် ကိုဘသိန်း ဖြစ်လာတာလည်းမဟုတ်၊ ဆရာညှာ ဖြစ်လာတာလည်း မဟုတ်ပါဘူးကွယ်။ သူတို့သမိုင်းနဲ့ သူတို့သီချင်းတွေနဲ့ ထင်ရှားပြီးသားပါ။ ပြဿနာတခုကို ကာယကံရှင်တွေ မျက်နှာစုံညီရှိစဉ် မရှင်းလင်းကြဘဲ ကာယကံရှင် ကွယ်လွန်ပြီး နှစ်ပေါင်း ၅၀နီးမှ ထရှင်းတယ်ဆိုတာ ဒို့ လက်မခံဘူး။ ဒီတော့ ဒီပြဿနာမှာ မင်းလည်း ဝင်မပါနဲ့” ဟု ဆုံးမသြဝါဒ ပေးဖူးပါသည်။
ထို့ကြောင့် “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို မြို့မငြိမ်းရေးသည် ဆိုသည်ကိုလည်း ဒေါ်ဒေါ်လူထုဒေါ်အမာ အပါအဝင် ရှေးရှေး ဆရာကြီး ဆရာမကြီးများ (ရုပ်ရှင်မင်းသားဝင်းဦး အပါအဝင်) ရေးသားခဲ့ကြသည့် အတိုင်း လက်ခံသလို ၁၉၅၀ခုနှစ်တွင် ကိုအံံကြီးသီဆိုရန်အတွက် ၃ဦးရေးစပ်တာပါဟု အဆိုပြုသူတိုင်းကိုလည်း မငြင်းခုံပါ။ ယခု တင်ပြသည်က ထိုသီချင်း စတင်ပေါ်ပေါက်ခဲ့သည့် ကြောင်းချင်းရာပဲ ဖြစ်ပါ၏။
ဆူးငှက်