အသက်အလိုက် အတန်းကျော် ကျောင်းအပ်နှံခွင့်ကြောင့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမကြား အဆင်မပြေမှုတွေ ဖြစ်ပေါ်နေ

မေ ၂၆ – ၂၀၂၆
SS (VOM)
၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အသက်အရွယ်နဲ့ အတန်းပညာအဆင့်အရ သင့်လျော်တဲ့ အတန်းကို ပြန်လည် တက်ရောက်ခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
ဒီသတ်မှတ်ချက်ကြောင့် အခု ၂၀၂၆ – ၂၀၂၇ ခုနှစ် ပညာသင်နှစ်မှာ အသက်အရွယ်အလိုက် အတန်းကျော် ကျောင်းအပ်နှံဖို့ လာရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘ၊ အုပ်ထိန်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အသက်အလိုက် အတန်းပေးမယ်ဆိုတော့ ရောက်လာကြတာ တဖွဲဖွဲ။ KG တောင် မတက်ခဲ့ပေမယ့် Grade 5 တက်ချင်တာတဲ့။ နောက်တယောက်ကလည်း သူ့ရဲ့သား နှစ်နှစ်အောက်ထားလို့ အဲဒီ နှစ်တန်းစာ အတန်းပြန်ဖြေချင်တာတဲ့။ ဟိုဘက်ကျောင်းမှာ ဘယ်အတန်းတက်ခဲ့ပြီးသားမို့ အဲဒီအတန်းပဲ လိုချင်တာလို့ ပြောလာတဲ့သူကလည်း ရှိသေးတယ်။ မရပါဘူး ပြောနေတဲ့ကြားကရရ၊ မရရ ကျွန်မတို့က ဖောင်တင်မှာပဲဆိုပြီး မျက်နှာသေ၊ မျက်နှာထားနဲ့ အားမနာတမ်းပြောပြီး ရုံးထဲက ထွက်သွားတဲ့လူတချို့ကို သုံးရက်လုံးလုံး ကြုံလာရတော့ ဒီအစီအစဉ် စ တဲ့လူကို ကျွန်မစားပွဲမှာ တရက်လာထိုင်ပြီး လာမေးသမျှလူကို သူတို့သိလိုသမျှ ပြုံးပြရင်း ရှင်းပြစေချင်မိတယ်” လို့ ပညာရေးဝန်ထမ်း တယောက်က သူရဲ့အခက်အခဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဟင်္သာတမြို့မှ ကျောင်းအုပ်ဆရာမကြီး တယောက်ကလည်း ကျောင်းအပ်နှံမယ့် ကျောင်းသား၊ ကျောင်းသူတွေဟာ နောက်ဆုံး အတန်းတက်ရောက်ခဲ့တဲ့ ခုနှစ်နဲ့ နောက်ဆုံးတက်ခဲ့တဲ့ အတန်းပညာ၊ ကျောင်းပြောင်းလက်မှတ် (Transfer Certificate – TC) ပါရှိမှသာ ကျောင်းအပ်နှံလို့ ရမှာဖြစ်တယ်လို့ ပြောပါတယ်။
“ကျောင်းအပ်ဆိုတာ ကျောင်းထွက်လက်မှတ် မပါဘဲနဲ့ လက်ခံလို့မရဘူးလေ။ လက်ခံရင် လက်ခံတဲ့ ကျောင်းအုပ်ရဲ့ အပြစ်ပဲ။ သူဘယ်နှစ်တန်း တက်ခဲ့ပါတယ်ဆိုပြီး ပါးစပ်ကပဲပြောပြီး KG တောင်မတက်ရသေးဘဲ Grade 5 ကို ဘယ်တက်လို့ရမလဲ။ Placement Test လုပ်လည်း နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းရဲ့ ထောက်ခံစာ၊ ကျောင်းထွက်လက်မှတ် မပါဘဲနဲ့ ဘယ်ကျောင်းအုပ်မှ လက်ခံလို့မရဘူး” လို့ သူက ပြောပါတယ်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်က စတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနဲ့ဝေးကွာခဲ့ရပြီး ကျောင်းပြင်ပ ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သက်ဆိုင်ရာကျောင်းတွေမှာ အဆင့်သတ်မှတ် စစ်ဆေးမှု (Placement Test) ဖြေဆိုကာ ကျောင်းပြန်လည် တက်ရောက်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Placement Test ကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အထိ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနတွေမှာ ကျင်းပသွားမှာဖြစ်ကာ Grade 1 မှ Grade 8 အထိ ဝင်ရောက်ဖြေဆိုနိုင်ပြီး စာမေးပွဲအောင်မြင်သူတွေကို Grade 2 မှ Grade 9 အထိ သက်ဆိုင်ရာအတန်းတွေ တက်ရောက်ခွင့်ပြုမှာဖြစ်ကာ မအောင်မြင်သူတွေကိုလည်း Grade 1 မှ Grade 8 အထိ မူလ အတန်းတွေမှာ ပြန်လည်တက်ရောက်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ဟာ မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပြီး အသက် ၇ နှစ်မှ ၁၅ နှစ်အတွင်းရှိသူတွေသာ အကျုံးဝင်မယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ အရင်က ပညာသင်ယူခဲ့ဖူးသူတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး စာမေးပွဲရလဒ်တွေကို ဇူလိုင် ၁ ရက်မှ ထုတ်ပြန် ကြေညာပေးသွားမယ်လို့ သိရပါတယ်။
ဒါအပြင် ကျောင်းထောက်ခံချက် မတင်ပြနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သက်ဆိုင်ရာ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ စိစစ် လက်ခံပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ကျောင်းပြောင်းလက်မှတ် (Transfer Certificate – TC) မရသေးခင်မှာ တခြားကျောင်းတခုကို ပြောင်းရွှေ့တက်ရောက်ဖို့ ကြိုးစားတဲ့အခါ (ဒါမှမဟုတ်) ယာယီတက်ရောက်ခွင့် တောင်းတဲ့အခါ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မိဘတွေအနေနဲ့ အခက်အခဲမရှိစေဖို့အတွက် TC မရသေးခင်မှာ မိမိတို့ရဲ့ ပညာရေးနောက်ခံကို သက်သေပြနိုင်ဖို့ အရင်ကျောင်းမှ ကျောင်းအုပ်ကြီးရဲ့ လက်မှတ်/တံဆိပ်ပါတဲ့ ထောက်ခံစာယူပြီး ကျောင်းသွားအပ်ပါက လက်ခံပေးနေတယ်လို့လည်း သိရပါတယ်။
လက်ရှိ ပညာရေးစနစ်နဲ့ပတ်သက်လို့ ကျောင်းသားမိဘ တယောက်က “အခုဖြစ်နေတဲ့ အခြေအနေတွေက ကျောင်းမတက်နဲ့လို့ ပြောခဲ့တဲ့ မှိုင်းကို မိခဲ့ကြတာပေါ့။ အချိန်တန်တော့လည်း ကျောင်းထားချင်လာကြတာပါပဲ။ ဒါပေမယ့် ခုဏလိုမျိုး KG တောင် မတက်ခဲ့ဘဲ Grade 5, Grade 6 လိုချင်တာကျ တော်တော်လွန်သွားတာပေါ့။ အပြင်မှာ ဘယ်လောက်ပဲ စာသင်ထားပါတယ် ပြောပြော၊ အရည်အချင်းစစ် စာမေးပွဲက လိုကိုလိုတာပါ။ အခု ပညာရေးစနစ်ကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ တချို့ကလေးတွေ ၄ တန်း ရောက်ပေမယ့် ကကြီးခကွေးတောင် သေချာမသိတာ အများကြီး။ တချို့ဆို သင်္ချာကိုတောင် ကျက်ပြီး ဖြေနေကြတာ” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အကျပ်အတည်း များစွာ ရင်ဆိုင်နေရပြီး အခြေခံပညာနဲ့ အဆင့်မြင့်ပညာကဏ္ဍတွေမှာ စိန်ခေါ်မှု ကြီးမားစွာ ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကျောင်းသား၊ ကျောင်းသူ အများအပြား ကျောင်းပြင်ပ ရောက်သွားခဲ့ရပြီး လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေတွေအရ နေရာဒေသအလိုက် ပုံမှန် ကျောင်းတက်နိုင်ဖို့ကိုတောင် အခက်အခဲများစွာ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW