ဆူးငှက်
ဝန်ထမ်းလုပ်သက် ဘာမှမကြာ
——————————
တကယ်တော့ ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ကကွက်များ မှတ်တမ်းတင်ရန်အတွက် မခင်ဝင်းနွယ်ကို တာဝန်ပေးစဉ်က “အငြိမ်းစားအကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်း၏ အခြေခံ ကကြိုးကကွက် များမှအစ ကနည်းကဟန် အမျိုးမျိုးတို့ကို ရုပ်ရှင်ရုပ်သေတို့ဖြင့် ကပြမှတ်တမ်းတင်၍ တဆင့် ဖြန့်ဖြူးသင်ကြားရာ၌ ဒေါ်သြဘာသောင်း၏ ကကြိုးကဟန်များကို သင်ရိုးအတိုင်း သင်ကြား ကပြနိုင်သူ မခင်ဝင်းနွယ်ကို ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၁၁(၁)အရ ယဉ်ကျေးမှုကဇာတ်အဖွဲ့တွင် ကဟန်ပြအမျိုးသမီးအဖြစ်” ခန့်ထားခဲ့သည်။
ဤသို့ဖြင့် ၁၉၇၀ ခုနှစ် ဇွန်လ အထိ ကြားတွင် ၂နှစ်ခန့် နား၍ ကဗျာလွတ်ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကို ပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ရန်ကုန်နှင့် မန္တလေးတို့၌ မှတ်တမ်းတင်ခဲ့ရာ ပန်းချီအနေနှင့် ၁၆၁၇ ပုံ၊ ဓာတ်ပုံဖြင့် ပထမအဆင့်၌ ၂၈၅ ပုံ၊ ဒုတိယအဆင့် ၅၁၆ ပုံ၊ တတိယအဆင့် ၉၃၆ ပုံ၊ စတုတ္ထအဆင့် ၁၅၅၄ ပုံ၊ ပဉ္စမအဆင့် ၁၃၉၃ ပုံ မှတ်တမ်းတင်ခဲ့ပြီး ဗဟိုရုပ်ရှင်ကလည်း ရုပ်ရှင်ဖြင့် အကြမ်း မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ စာဖြင့်မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံ၊ ပန်းချီပုံများ စီစစ်ခြင်း၊ စီစဉ်ခြင်း၊ အချောသပ် စာအုပ်ပြုစုခြင်းများ ဆက်လက် မဆောင်ရွက်တော့ဘဲ မှတ်တမ်းတင်လုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။ ထို့ကြောင့် မခင်ဝင်းနွယ်အနေနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝန်ထမ်းအဖြစ်က ၃နှစ်ခန့်သာ တာဝန်ယူခဲ့ရသည်။ တကယ်တမ်း အလုပ်မပြီးသည်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနက လုပ်ငန်းကို ရပ်ဆိုင်းလိုက်သောကြောင့်ဖြစ်သည်။
ကိုယ့်စရိတ်နှင့် ကိုယ်
————————–
ဤသို့ အကျိုးအကြောင်း မသိရဘဲ လုပ်ငန်းရပ်ဆိုင်းလိုက်၍ ကျန်ရှိနေသော စာဖြင့် မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံ၊ ပန်းချီပုံများ စီစစ်ခြင်း၊ စီစဉ်ခြင်း၊ အချောသပ် စာအုပ်ပြုစုခြင်း လုပ်ငန်းများလည်း မဖြစ်မြောက်တော့ပါ။ ထို့ကြောင့် ၇နှစ်ကြာသည် အထိ လုပ်ငန်းကို ဆက်လက် မဆောင်ရွက်တော့သဖြင့် လူထုဦးလှ၊ လူထုဒေါ်အမာတို့ အားပေး တိုက်တွန်းမှုကို ခံယူ၍ ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ) စာအုပ်ကို ဓာတ်ပုံ ကောက်ကြောင်းပန်းချီ များနှင့်အတူ ဇော်ပုလဲ-ခင်ဝင်းနွယ်တို့က မိမိတို့ စရိတ်ဖြင့် ပြုစုခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ထိုစာအုပ်ကို မိမိတို့စရိတ်ဖြင့် ပြုစုရာတွင် (ထိုစဉ်က 120MM ဖလင်များအသုံးပြုရခြင်း၊ ပုံများကူးခြင်း၊ စာမူကို လက်နှိပ်စြက်ဖင့် ရိုက်ကူးခြင်း စာမူအတွက်သာမက
ဝန်ကြီးဌာနက ဆင့်ခေါ်သဖြင့် ရန်ကုန်သို့ အကြိမ်ကြိမ် သွားရောက်ရခြင်းများ၏ စရိတ်စက သည်ပင် မနည်းလှပါ။
ယခု ဝန်ကြီးဌာနက ဆင့်ခေါ်သဖြင့် ရန်ကုန်သို့ လာရောက်ရစဉ် မမခင်ဝင်းမှာ ၅နှစ်အရွယ်သမီးနှင့် ၃နှစ်အရွယ်သားကိုပါ ခေါ်ခဲ့ရသောကြောင့် ကလေးများစောင့်ရှောက်နိုင်ဖို့ မောင်ဝမ်းကွဲဖြစ်သူ ကိုမောင်ဝင်းကိုပါ ခေါ်ခဲ့ရသည်။ တည်းခိုသည့် နေရာကိုပင် အရင်လို ဘားလမ်းက တည်းခိုခန်းတွေ မတည်းနိုင်တော့။ ထို့ကြောင့် ရန်ကုန်ကမ်းနားလမ်းရှိ သမဝါယမတည်းခိုခန်းတွင် တစ်ယောက်၇ကျပ်နှုန်းဖြင့် တည်းခိုပြီး ကမ်းနားက ထမင်းဆိုင်တွင် အဝစား ၂ကျပ်ခွဲတန် ထမင်းစားခဲ့ကြရသည်။ ထို့ကြောင့် ဤစာမူအတွက် ဉာဏစရိတ်မပါဘဲ အထွေထွေ စံရိတ်သည်ပင်လျှင် သိန်းဂဏန်း ရှိပါသည်။ ဒါတောင် ပန်းချီကိုဝင်းမောင်(တမ္ပဝတီ) နှင့် လှဂုဏ်ရည်ကိုကျော်ဝင်းတို့က မေတ္တာဖြင့် ကူညီကြသည်။ ယခု ထိုစာမူကို ဝန်ကြီးဌာနက အကန့်အသတ် များစွာဖြင့် ငွေကျပ် ၁သောင်းဈျေးဖြတ်ကာ စာချုပ်ချုပ်ဆို ဝယ်ယူသောအခါ မမခင်ဝင်းတို့က မိခင်ပမာ တန်ဖိုးထားအပ်သော ဆရာမကြီးဒေါ်သြဘာသောင်း၏ ပညာကို တင်ပြလိုရင်း ဂါရဝတရားဖြင့် ခေါင်းညိတ် လက်ခံခဲ့ခြင်းဖြစ်သည်။
ငွေ၁သောင်းနှင့် ချောင်ထိုးခဲ့
————————————-
စာဖတ်သူ မိတ်ဆွေများ၊ စာပေထုတ်ဝေသူများ၊ စာအုပ်စုဆောင်းသူများ နှင့် အနုပညာချစ်သူများ ခင်ဗျား။ မြန်မာပြည် စာအုပ်ဈေးကွက်တွင် “ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ)” ဟူသော စာအုပ်ကို တွေ့ဖူးကြပါသလား၊ မြင်ဖူးကြပါ သလား၊ တကယ်တော့ ၁၉၈၁ခုနှစ်က စာချုပ်ဝယ်ယူခဲ့သော ထိုစာအုပ်မှာ ယနေ့အထိ တစ်ကြိမ်တစ်ခါမှ မထွက်ဖူးခဲ့ပါ။ ထုတ်ဝေဖို့ နဂိုကတည်းက အစီအစဉ်ရှိမည် မထင်ပါ။ ငွေကျပ် ၁သောင်းဖြင့် စာမူကို တစ်စခန်းရပ် ကန့်လန့်ကာ ချလိုက်ခြင်း ဖြစ်ပါ၏။ သည်တော့ နောက်ထပ် ငွေထပ်ကုန်ရပြန်ပြီပေါ့။ ထိုကိစ္စကို ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ် စသည့်ပုဂ္ဂိုလ်များထံ အကြိမ်ကြိမ်စာရေး တင်ပြရသည်ပေါ့။ လူကြီးများနှင့် ကိုယ်တိုင်တွေ့ဖို့ကြိုးစားရန် ရန်ကုန်သို့ အကြိမ်ကြိမ် ဆင်းရပြန်ပြီပေါ့။ ကုန်လိုက်သည့် စရိတ်တွေလေ။
ကိုင်း သည်ကဗျာလွတ်အရှုပ်တော်ပုံကို ပြောရတာ တစ်ထောင့်တစ်ည ဖြစ်နေသောကြောင့် စာဖတ် ပရိသတ်ကို အားနာလှပါပြီ။ သို့သော် ဇာတ်ရည်လည်ဖို့ ဇာတ်သိမ်းခန်းလည်း သိရအောင် အကျဉ်းချုပ်၍ အချက်အလက်ပဲ ပြောပါရစေ။
(၁) – ၃.၃.၁၉၈၄ – မိမိတို့စာမူအား ယဉ်ကျေးမှုဝန်ကြီးဌာနက ဝယ်ယူထားသော်လည်း သုံးနှစ်ကျော်ကြာသည်အထိ လုံး၀ ထုတ်ဝေခြင်းမပြုသည့်အပေါ် နိုင်ငံတော်သမ္မတထံ အသနားခံစာတင်ခဲ့။
(၂) ၁၃.၆.၁၉၈၄ – ယဉ်ကျေးမှုဝန်ကြီးဌာနက ကဗျာလွတ်ကကွက်များစာအုပ်ကိစ္စညှိနှိုင်းရေးနှင့် ကဗျာလွတ်ကကွက် ၁၂၅ ကွက်သည် နိုင်ငံတော်မူပိုင်ဖြစ်ကြောင်း။ နိုင်ငံတော်ကပဲ ကျန်စာအုပ်များ ဆက်လက်ထုတ်ဝေစေမည့် အကြောင်းနှင့် အဆိုပါ ၁၂၅ ကွက်ကို ရုပ်မြင်သံကြားရိုက်ကူးထုတ်လွှင့်လိုကြောင်း အကြောင်းကြားကာ ရန်ကုန်သို့လာရောက်ရန်ဆင့်ခေါ်ခဲ့။
(၃) ၃.၈.၁၉၈၄ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ရုပ်မြင်သံကြားရိုက်ကူးရန် စီစဉ်ပြီးဖြစ်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက အကြောင်းကြားခဲ့။
(၄) ၈.၈.၁၉၈၄ – ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ယခင်က ရိုက်ကူးခဲ့သောဓာတ်ပုံများကို ပြန်လည်စီစစ်ရန်နှင့် လိုအပ်ပါက ခင်ဝင်းနွယ်က အသစ်ထပ်မံရိုက်ကူးပေးရန် တောင်းဆိုခဲ့။
(၅) ၁၃၊ ၁၄.၈.၁၉၈၄ – ကဗျာလွတ်ကကွက် ၁၂၅ ကွက်စလုံးကို ရန်ကုန်ပြည်လမ်း၊ မြန်မာ့ရုပ်မြင်သံကြား၌ ရိုက်ကူးခဲ့။ (ယခုအချိန်ထိ မထုတ်လွှင့်)
(၆) ၁၇.၂.၁၉၈၅ – မူလထုတ်ဝေခဲ့သော ပထမအဆင့်စာအုပ်မှာ ထုတ်ဝေပြီးဖြစ်သဖြင့် ပြင်ဆင်ရန်မဖြစ်နိုင်ကြောင်းနှင့် ဒုတိယအဆင့် စာအုပ်ထုတ်ဝေမှသာ အသစ်ပြင်ဆင်ပြီး ပြန်လည်ထုတ်ဝေမည်ဖြစ်ကြောင်း။ ဒုတိယအဆင့် စာအုပ်ထုတ်ဝေနိုင်ရေး၊ ဓာတ်ပုံများစီစစ်နိုင်ရန် ရန်ကုန်မှ ပညာရှင်များနှင့် အနုပညာ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် မန္တလေးတွင် လာရောက်ကာ ခင်ဝင်းနွယ်နှင့် ညှိနှိုင်းမည်ဟု အကြောင်းကြားခဲ့။
(၇) ၁၅.၃.၁၉၈၅ – အဆိုပါညှိနှိုင်းမည့်ကိစ္စကို ညွှန်ကြားရေးမှူးချုပ်၏ ကျန်းမာရေးကြောင့် မလာရောက်နိုင်တော့ကြောင်း အကြောင်းကြား။
ထိုစဉ်ကတည်းက ဒေါ်သြဘာသောင်း၏ ကဗျာလွတ်မှတ်တမ်းနှင့် သင်ရိုးညွှန်းတမ်းကိစ္စ နိဋ္ဌိတံသွားပါကြောင်း။
ထို့အတူ မမခင်ဝင်းလည်း မုဆိုးမ ဘဝဖြင့် သူချစ်သော အနုပညာကို မုံရွာရှိ သူ့အိမ်မှာပင် အက သင်တန်းလေး ဖွင့်ရုံမှလွဲ၍ မည်သည့် အနုပညာ မျက်နှာစာမှ ထွက်မပြတော့ဘဲ စိတ်အနာကြီး နာသွားပါကြောင်း။
ခင်ဝင်းနွယ် နှင့် ကဗျာလွတ်
—————————-
တစ်ခါတရံ ပြန်၍စဉ်းစားမိသည်။ တချို့သော အလုပ်ကိစ္စများသည် မိမိက ဘယ်လောက် နှစ်သက် ကျွမ်းဝင်စေကာမူ မိမိနှင့် ကံမစပ်သည်များရှိကြသည်။ မမခင်ဝင်းလည်း ၁၄နှစ်သမီးကတည်းက ပန်တျာမှာ ကျောင်းတက်ကာ ၁၆နှစ်သမီးတွင် ထူးချွန်ကျောင်းသူဖြစ်ခဲ့သည်။ ၁၇နှစ်သမီးမှာ ၆လမျှ အငြိမ့်စင်ပေါ်တက်ပြီး ချက်ချင်းပင် ကဟန်ပြဖြင့် အလုပ်ခန့်ခံရကာ ကဗျာလွတ်အက မှတ်တမ်းတင်ဟူသော နိုင်ငံတော်အဆင့် စီမံကိန်းတွင် အဓိကနေရာက ပါဝင်ခဲ့ရသည်။ အသက်၂၀ ဝန်းကျင်မှာပင် မိမိ၏ မိခင်ပမာ ဆရာလည်းကွယ်လွန၊် မိမိအလုပ်အပေါ် စတင်အထိုးအနှက်ခံရသည်။
တစ်ဆက်တည်းပင် ထိုကဗျာလွတ်အတွက် မိသားစု စီးပွားရေးအပျက်ခံ အတိုက်အခိုက်ခံရကာ အရွယ်နှင့်မမျှစွာ ဧရာမ ယှဉ်ဖက်များကို အားရှိသမျှ ခုခံခဲ့ရသည်။ ပညာအရ မည်မျှပင် တော်ပါစေ၊ မိမိဘက်က ပညာရှိများ အဘယ်မျှ ဝန်းရံပါစေ၊ အာဏာနှင့် အကျိုးစီးပွားများက ကောက်ကျစ်စွာ အနိုင်ယူခဲ့လို့ ၁၆နှစ်သမီးက ကြိုးပမ်းခဲ့ရသော အလုပ်က ယခု အသက်၇၀ကျော် အထိ အဆင်မပြေသေး၊ ထို့ကြောင့် ခင်ဝင်းနွယ်နှင့် ကဗျာလွတ်ဟူသည် သူ့အတွက် အကျိုးမှ ပေးပါ့မလားဟု စဉ်းစားမိခြင်း ဖြစ်ပါ၏။
ဆူးငှက်
