ငွေလွှဲစနစ်တွေ အဆင်ပြေလာသလောက် လိမ်လည်မှုလမ်းကြောင်းတွေကိုလည်း ပိုတင်းကျပ်စွာ စောင့်ကြည့်ဖို့လိုပြီ

 

 

မန္တလာ ဆရာမျိုး

 

ယနေ့ခေတ်တွင် ငွေလွှဲ၊ ငွေလက်ခံ၊ ဈေးဝယ်၊ ဘေလ်ပေးချေမှုများကို ဖုန်းတစ်လုံးတည်းဖြင့် လုပ်ဆောင်နိုင်လာခြင်းသည် နည်းပညာတိုးတက်မှု၏ အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။ Mobile Wallet များသည် လူအများ၏ နေ့စဉ်ဘဝကို လွယ်ကူစေသလို အချိန်ကုန်သက်သာစေပြီး ငွေကြေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ လက်လှမ်းမီစေသည်။

သို့သော် စနစ်တစ်ခုသည် လူကောင်းများအတွက် လွယ်ကူလာလေလေ၊ လူလိမ်များကလည်း အဲဒီလွယ်ကူမှုကို ဘယ်လိုအလွဲသုံးစားလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမည့်အရေး ပိုကြီးလာသည်။

အထူးသဖြင့် ယနေ့အများပြည်သူကြား “ကျားဖြန့်” ဟု သိကြသည့် အွန်လိုင်းလိမ်လည်မှုကွန်ရက်များသည် ဖုန်းခေါ်လိမ်ခြင်း၊ Social Media မှတစ်ဆင့် လိမ်လည်ခြင်း၊ အတုအယောင်ရင်းနှီးမြှုပ်နှံမှု၊ လောင်းကစား၊ ချေးငွေ၊ အလုပ်အကိုင် အမည်ခံလိမ်လည်မှု စသည့်နည်းလမ်းပေါင်းစုံကို အသုံးပြုလာကြသည်။

သို့သော် လိမ်လည်မှုတစ်ခု ဖြစ်မြောက်ဖို့ “လိမ်တတ်ခြင်း” တစ်ခုတည်း မလုံလောက်ပါ။ လိမ်လည်ရရှိလာသည့်ငွေကို လက်ခံရန်၊ နောက်တစ်ဆင့်လွှဲရန်၊ အကောင့်အမျိုးမျိုးကြား ဖြန့်ခွဲရန်နှင့် နောက်ဆုံးတွင် မူလလမ်းကြောင်းကို ခြေရာခံရခက်အောင် ပြုလုပ်ရန် ငွေကြေးလည်ပတ်ရာစနစ်တစ်ခု လိုအပ်သည်။

ဒီနေရာမှာ Mobile Wallet နှင့် ဘဏ်အကောင့်များသည် အရေးကြီးလာသည်။

ပြဿနာက Mobile Wallet ရှိနေခြင်း မဟုတ်ပါ။ ပြဿနာက Mobile Wallet တစ်ခုကို ဘယ်သူတွေ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ အသုံးပြုနေသလဲဆိုတာကို အချိန်မီခွဲခြားနိုင်ခြင်း ရှိ၊ မရှိဖြစ်သည်။

လူတစ်ဦးအမည်ဖြင့် အကောင့်ဖွင့်ထားပေမယ့် အမှန်တကယ်အသုံးပြုနေသူက တခြားသူဖြစ်နိုင်သည်။ အကောင့်ပိုင်ရှင်၏ မှတ်ပုံတင်အချက်အလက်ကို ငွေပေးယူခြင်း၊ အခြားသူအမည်ဖြင့် အကောင့်ဖွင့်ခိုင်းခြင်း၊ ဖွင့်ပြီးသားအကောင့်ကို ဝယ်ယူခြင်း၊ ငှားရမ်းအသုံးပြုခြင်း စသည့်နည်းလမ်းများကို ရာဇဝတ်ကွန်ရက်များက အသုံးချနိုင်သည်။

ဒီလိုအကောင့်တွေကို Money Mule Account ဟု ခေါ်ကြသည်။

အကောင့်မှာ မောင်ဖြူအမည်ပေါက်နေသည်။ ငွေကို တကယ်လှုပ်ရှားနေသူက မောင်မဲ ဖြစ်နိုင်သည်။ လိမ်ခံရသူက မောင်ဖြူအမည်နှင့် အကောင့်နံပါတ်ကိုသာ သိမည်။ မောင်မဲကတော့ နောက်ကွယ်မှာ ပျောက်နေမည်။

ဒီပြဿနာကို ဖြေရှင်းဖို့ အကောင့်ဖွင့်ချိန်မှာ မှတ်ပုံတင်တင်ပြခိုင်းရုံ၊ မျက်နှာတိုက်စစ်ရုံနဲ့ မလုံလောက်တော့ပါ။

Know Your Customer သာမက Know Your Transaction လည်း လိုအပ်လာပြီ ဖြစ်သည်။

အကောင့်တစ်ခုမှာ ပုံမှန်အားဖြင့် ငွေဝင်ငွေထွက်နည်းသော်လည်း ရုတ်တရက် လူအများအပြားထံမှ ငွေများဆက်တိုက်ဝင်လာသည်၊ ဝင်လာပြီး မိနစ်ပိုင်းအတွင်း အခြားအကောင့်များစွာထံ ပြန်လည်ခွဲလွှဲသည်၊ ညနက်ပိုင်းနှင့် ပုံမှန်မဟုတ်သည့် အချိန်များတွင် Transaction များ ထပ်တလဲလဲဖြစ်နေသည်ဆိုပါက စစ်ဆေးသင့်သည့် အချက်ပြမှုများဖြစ်လာသည်။

ဒီလိုပုံမှန်မဟုတ်သည့် ငွေလည်ပတ်မှုပုံစံများကို ယနေ့နည်းပညာဖြင့် အလိုအလျောက် ရှာဖွေနိုင်သည်။

လိမ်လည်မှုတစ်ခု ဖြစ်လာသည့်အခါမှာလည်း ငွေလက်ခံခဲ့သော ပထမဆုံးအကောင့်တစ်ခုကို ပိတ်လိုက်ရုံနှင့် မပြီးသင့်ပါ။

ဥပမာ လိမ်လည်ရရှိသည့်ငွေသည် A အကောင့်မှ B သို့၊ B မှ C နှင့် D သို့၊ ထို့နောက် E၊ F၊ G တို့သို့ မိနစ်ပိုင်းအတွင်း ခွဲလွှဲသွားပါက A တစ်ခုတည်းကို ကြည့်ပြီး ဖြေရှင်း၍မရတော့ပါ။

ငွေဘယ်ကလာသလဲ၊ ဘယ်ကိုသွားသလဲ၊ ဘယ်အကောင့်များကြား ချိတ်ဆက်နေသလဲဆိုသည့် Money Trail ကို စစ်ဆေးရမည်။

ဒီနေရာမှာ တစ်ဖက်သတ်တင်းကျပ်လွန်းခြင်းလည်း မဖြစ်သင့်ပါ။

လိမ်လည်သူနှင့် ငွေကြေးဆက်စပ်မှုရှိသည်ဆိုပြီး ဆက်နွယ်နေသော အကောင့်တိုင်းကို အလိုအလျောက်ပိတ်ပစ်လိုက်လျှင် အပြစ်မဲ့အသုံးပြုသူများ ထိခိုက်နိုင်သည်။

ဆိုင်တစ်ဆိုင်က ကုန်ပစ္စည်းရောင်းထားလို့ ငွေလက်ခံထားတာ ဖြစ်နိုင်သည်။ တက္ကစီခ၊ ဆေးဖိုး၊ စားသောက်ဆိုင်ခ၊ အကြွေးပြန်ဆပ်ငွေ သို့မဟုတ် ရိုးရိုးလွှဲပြောင်းမှုတစ်ခု ဖြစ်နိုင်သည်။

ဒါကြောင့် Fraud Prevention စနစ်တစ်ခုသည် “လူလိမ်ကို မြန်မြန်ပိတ်နိုင်ရေး” နှင့် “အပြစ်မဲ့အသုံးပြုသူ မထိခိုက်ရေး” ကို တစ်ပြိုင်နက်တည်း စဉ်းစားရမည်။

Security နဲ့ Convenience ကြားမှာ အလယ်အလတ် လိုအပ်သည်။

လုံခြုံရေးကိုသာ အလွန်တင်းကျပ်လိုက်လျှင် ရိုးသားသူများအတွက် အသုံးပြုရခက်သွားမည်။ အဆင်ပြေမှုကိုသာ ဦးစားပေးလွန်းလျှင် လူလိမ်များအတွက် လမ်းပွင့်သွားမည်။

အကောင့်ဖွင့်ခြင်း၊ အကောင့်အဆင့်မြှင့်ခြင်း၊ ဖုန်းနံပါတ်ပြောင်းခြင်း၊ Device ပြောင်းခြင်း၊ များပြားသောငွေလွှဲမှု ပြုလုပ်ခြင်းတို့တွင် Risk Level အလိုက် ထပ်မံစစ်ဆေးသည့်စနစ်များ ရှိသင့်သည်။

တစ်ခါတစ်ရံ လူအများအဆင်ပြေရေးအတွက် တည်ဆောက်ထားသည့် Feature တစ်ခုက လူလိမ်များအတွက်လည်း အဆင်ပြေသွားနိုင်သည်။

ဒါကြောင့် “အသုံးပြုရလွယ်ကူမှု” ကို တိုင်းတာသလို “လိမ်လည်အသုံးချရခက်ခဲမှု” ကိုလည်း တိုင်းတာသင့်သည်။

Agent နှင့် Merchant Network များလည်း အလားတူဖြစ်သည်။

Agent များသည် ငွေကြေးဝန်ဆောင်မှုကို ပြည်သူထံ နီးကပ်စေသည်။ ဒါပေမယ့် Network ကြီးလာသည်နှင့်အမျှ ကြီးကြပ်မှုလည်း ကြီးလာရမည်။

အကောင့်ဘယ်နှခုဖွင့်နိုင်ခဲ့သည်၊ Transaction ဘယ်လောက်လုပ်နိုင်ခဲ့သည်ဆိုသည့် အရေအတွက်တစ်ခုတည်းကို မကြည့်သင့်ပါ။

KYC မှန်ကန်မှု ဘယ်လောက်ရှိသလဲ၊ သံသယဖြစ်ဖွယ် Transaction ဘယ်လောက်ရှိသလဲ၊ Complaint ဘယ်လောက်တက်သလဲ၊ Fraud နဲ့ဆက်စပ်မှုရှိသလားဆိုသည့် Quality Indicator များကိုလည်း တိုင်းတာသင့်သည်။

ထို့အပြင် အများပြည်သူအနေဖြင့် သံသယဖြစ်ဖွယ် Wallet၊ ဘဏ်အကောင့်၊ ဖုန်းနံပါတ်များကို လွယ်ကူစွာ Report လုပ်နိုင်သည့် စနစ်လည်း လိုသည်။

Report တစ်ကြိမ်တင်ရုံဖြင့် ချက်ချင်းပိတ်ပစ်ခြင်းမျိုး မဖြစ်သင့်သော်လည်း လူအများထံမှ တူညီသော Complaint များ ဆက်တိုက်တက်လာခြင်း၊ Transaction Pattern ကလည်း မူမမှန်ခြင်း၊ အခြားသံသယဖြစ်ဖွယ် Account များနှင့် ဆက်စပ်မှုရှိခြင်းတို့ တွေ့လာလျှင် အမြန်စစ်ဆေးနိုင်ရမည်။

Fraud တိုက်ဖျက်ရေးမှာ အချိန်သည် အရေးကြီးသည်။

လိမ်ခံရပြီး တစ်ပတ်ကြာမှ စစ်ဆေးလျှင် ငွေသည် အကောင့်ပေါင်းများစွာကို ဖြတ်ပြီး ဖြစ်နေနိုင်သည်။

လိမ်ခံရပြီး မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း Report လုပ်နိုင်ပြီး သံသယဖြစ်ဖွယ်ငွေလမ်းကြောင်းကို ခေတ္တထိန်းထားနိုင်လျှင် ငွေပြန်ရနိုင်သည့် အခွင့်အလမ်း ပိုများနိုင်သည်။

ဒီအတွက် ဘဏ်၊ Mobile Wallet လုပ်ငန်းများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ ရဲနှင့် မှုခင်းစုံစမ်းရေးအဖွဲ့များကြား ပူးပေါင်းမှု အားကောင်းဖို့လိုသည်။

အဖွဲ့အစည်းတစ်ခုတည်းက လုပ်၍မရပါ။

Fraud တစ်ခုဖြစ်လာသောအခါ ဖုန်းနံပါတ်၊ SIM၊ Device၊ Wallet၊ Bank Account နှင့် Transaction History များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတတ်သည်။

ဒါကြောင့် “Account တစ်ခုချင်းစီ” ကို စစ်ဆေးသည့်ပုံစံထက် “Network တစ်ခုလုံး” ကို ကြည့်နိုင်သည့် စနစ်မျိုး လိုအပ်လာသည်။

ပြည်သူများဘက်ကလည်း အရေးကြီးသည်။

ငွေနည်းနည်းရမည်ဆိုပြီး မိမိမှတ်ပုံတင်ကို သူများအား မပေးသင့်ပါ။ မိမိအမည်ဖြင့် ဖွင့်ထားသော Wallet သို့မဟုတ် Bank Account ကို ငှားမပေးသင့်ပါ။ SIM Card၊ PIN၊ OTP၊ Password များကို မပေးသင့်ပါ။

“ခဏငှားမယ်၊ ငွေပေးမယ်” ဆိုသည့် စကားသည် အလွယ်ရသည့်ငွေလို ထင်ရသော်လည်း မိမိအမည်သည် ရာဇဝတ်မှုငွေလမ်းကြောင်းထဲ ဝင်သွားနိုင်သည်။

ဒီအချက်ကို အထူးသဖြင့် ငွေကြေးအခက်အခဲရှိသူများနှင့် Digital Literacy နည်းသူများထံ ပညာပေးရန်လိုသည်။

အဆုံးမှာတော့ မေးခွန်းတစ်ခုရှိသည်။

Digital Payment များကို ပိတ်ပင်သင့်သလား။

မဟုတ်ပါ။

အွန်လိုင်းငွေပေးချေမှုစနစ်တွေဟာ ခေတ်သစ်လူမှုဘဝအတွက် မရှိမဖြစ်ဖြစ်လာနေပြီ။

တကယ်လုပ်ရမည့်အရာက ရိုးသားသူအတွက် လွယ်ကူစေပြီး လူလိမ်အတွက် ခက်ခဲစေသည့် စနစ်တစ်ခု တည်ဆောက်ခြင်းဖြစ်သည်။

လူလိမ်တစ်ယောက်ကို ဖမ်းလိုက်တာနဲ့ ကျားဖြန့်ပြဿနာ ပြီးဆုံးမသွားပါ။

လူလိမ်အသုံးပြုသည့် ငွေလမ်းကြောင်းကိုပါ ပိတ်ရမည်။

အကောင့်တစ်ခု ပိတ်လိုက်ရုံနဲ့လည်း မလုံလောက်ပါ။

အဲဒီအကောင့်နောက်မှာ ဘယ်သူရှိသလဲ။

ငွေဘယ်ကလာသလဲ။

ဘယ်ကိုဆက်သွားသလဲ။

ဘယ်အကောင့်တွေနဲ့ ချိတ်ဆက်နေသလဲ။

ဒီမေးခွန်းတွေကို လျင်မြန်စွာ ဖြေနိုင်သည့် စနစ်ရှိမှသာ အွန်လိုင်းလိမ်လည်မှုကို ထိထိရောက်ရောက် တားဆီးနိုင်မည်။

နည်းပညာကို အပြစ်တင်လို့ မရပါ။

နည်းပညာကို လူလိမ်အသုံးမချနိုင်အောင် ဘယ်လောက်ကောင်းကောင်း ကြီးကြပ်ထားသလဲဆိုတာကသာ အရေးကြီးသည်။

Digital Payment စနစ်တစ်ခု အောင်မြင်ခြင်းကို အသုံးပြုသူအရေအတွက်၊ Transaction ပမာဏဖြင့်သာ မတိုင်းသင့်ပါ။

လူအများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း၊ လိမ်လည်မှုဖြစ်လာလျှင် အမြန်တုံ့ပြန်နိုင်ခြင်း၊ အပြစ်မဲ့သူ မထိခိုက်စေခြင်းနှင့် လူလိမ်များအတွက် အသုံးချရခက်ခဲခြင်းတို့ဖြင့်ပါ တိုင်းတာရမည်။

ဒါမှသာ နည်းပညာတိုးတက်မှုက လူလိမ်တွေအတွက် လက်နက်တစ်ခု မဖြစ်ဘဲ ပြည်သူတွေအတွက် တကယ်အသုံးဝင်သည့် ဝန်ဆောင်မှုတစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW