MNDAA ဖမ်းထားတဲ့ အစိုးရတပ်ဖွဲ့ဝင် တရာကျော် ပြန်လွှတ်

ဩဂုတ် ၃၁၊ ၂၀၂၆။
NN(V0M)
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးတာခံလိုက်ရတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေထဲက တပ်သား ၁၀၀ကျော်ဟာ မနေ့(ဩဂုတ်၃၀) က ပြန်လွတ်လာတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာပဲ လားရှိုးကို ရောက်လာတာဖြစ်ပြီး ကျန်းမာရေး မကောင်းတဲ့သူတွေကိုတော့ ဆေးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
“တရာ့နှစ်ယောက်လို့ပြောတယ်။ မနေ့က ပြန်ရောက်လာတယ်။ တချို့က စစ်ဆေးရုံမှာ ဆေးကုပေးနေတာ။ သုံးလေးနေရာလောက် ခွဲထားတယ်” လို့ ပြန်လွတ်လာသူတွေ အကြောင်း သိရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်း လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့ဝင် အရာရှိအပါအဝင် တပ်သား ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
MNDAA နဲ့ အစိုးရတပ်တို့ အပစ်အခတ်ရပ်စဲပြီးနောက်မှာ ဖမ်းဆီးထားတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို MNDAA တပ်ဖွဲ့က လစဉ်နီးပါး ပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။
ဒီလို ပြန်လွှတ်ပေးနေပေမယ့် တချို့မိသားစုဝင်တွေကြားမှာတော့ ပျောက်ဆုံးနေသူအချို့နဲ့ အဆက်အသွယ်မရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ကျွန်မတို့အမျိုးထဲက တယောက်ဆို သိန္နီတပ်ကပါ။ ပျောက်နေတာလား အဖမ်းခံရတာလား၊ သေသွားလားကို မသိရဘူး။ နမ့်ပေါင်ရွာဘက် တိုက်ပွဲဖြစ် တဲ့ အချိန်ကတည်းက ပျောက်သွားတာ သုံးနှစ်လောက်ရှိပြီ။ သူများတွေ ပြန် လာတော့ သူ့ကိုလည်း ပြန်လာစေချင်တာ” လို့ မိသားစုဝင် ပျောက်ဆုံးနေလို့ စိတ်ပူနေရတဲ့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း အစိုးရတပ်နဲ့ MNDAA တို့ လားရှိုးမှာ တွေ့ဆုံခဲ့ပြီးနောက် ဖမ်းဆီးခံထားရတဲ့ အစိုးရတပ်ဖွဲ့ဝင် ၄၂ ယောက်ကို MNDAA တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
အလားတူ ဇွန်လတုန်းကလည်း အစိုးရတပ်ဖွဲ့ဝင် အယောက် ၂၀၀ ကျော်ကို MNDAA တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ MNDAA တပ်ဖွဲ့က အစိုးရတပ် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ခြောက်ထောင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
လားရှိုးတိုက်ပွဲအပြီးမှာတော့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သုံ့ပန်း ငါးထောင်နီးပါးကို ပြန်လွှတ်ပေးထားပါတယ်။
ဆက်ပြီး ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာဖို့ကိုလည်း မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW