ငလျင်ဒဏ်​လျှော့ချတဲ့ ဆောက်လုပ်ရေးပစ္စည်း (Isolator)ထည့်သွင်းတည် ဆောက်မယ့် အဆောက်အဦအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့ ပန္နက်တင်

မန္တလေး၊ သြဂုတ်- ၃၁- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးဝင်းအတွင်းမှာ တည်ဆောက်မယ့် Mandalay Management Corporation(MCC) အဆောက်အဦအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးငလျင်ဒဏ်လျော့ချတဲ့ ဆောက်လုပ်ရေးပစ္စည်း (Isolator)ကို Starlight SafetyInsideCompany က ထုတ်ကုန်တွေကို အသုံးပြုပြီး ထည့်သွင်းတည် ဆောက်မှာဖြစ်ကာ အဲ့ဒီ အဆောက်အဦးပန္နက်တင်အခမ်းအနားကို ဒီကနေ့မနက်မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေးနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ စတဲ့ တာဝန်ရှိသူတွေ တက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပေးခဲ့ပါတယ်။
” မန္တလေးမြို့က စစ်ကိုင်းပြတ်ရွေ့နဲ့ အနည်းဆုံးတည်ရှိတဲ့မြို့ပေါ့၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း မန္တလေးငလျင်ကြီးကို ပြင်းထန်စွာခံစားခဲ့ရပြီးပြီ အဲ့ဒါကြောင့် မန္တလေးမြို့မှာ ဆောက်လုပ်မယ့် အဆောက်အဦတွေနဲ့ ပတ်သက်ပြီး၊ ငလျင်ဒဏ်လျော့ချတဲ့ နည်းပညာတွေက ဦးစားပေးအနေနဲ့ ထည့်သွင်းစဥ်းစားရမယ့် အပိုင်းမှာ ပါပါတယ်၊ အရေးကြီးအဆောက်အဦတွေဖြစ်တဲ့ ဆေးရုံလိုမျိုး၊ အထပ်မြင့်အဆောက်အဦတွေမှာ ငလျင်ဒဏ်ခံနိုင်တဲ့ နည်းပညာတွေ ထည့်သွင်းဆောက်လုပ်ရင် ငလျင်အပြီး ပြန်လည် ထူထောင်ရေးဆောင်ရွက်တဲ့အခါမှာ ဒီအဆောက်အဦးတွေက ကြီးကြီးမားမား မပျက်စီးပဲ ပုံမှန်လည်ပတ်နေမှာဖြစ်တဲ့အတွက် ဒီလိုနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ဖို့လိုတယ်” လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးဝန်ကြီး ဦးခင်မောင်အေးက မီဒီယာတွေကို ဖြေကြားပါတယ်။
၂၀၂၅ မတ်လ(၂၈)ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့နဲ့အနီးတပိုက်မှာ အဆောက်အဦးပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် New Starlight Company အနေနဲ့လည်း အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ပြည်တွင်းမှ ပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ပြီး တရုတ်နိုင်ငံမှာ (၂၀၀၈)ခုနှစ်က လှုပ်ခတ်ခဲ့တဲ့စီချွမ်ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာများ၊ SafetyInside Company ရဲ့ Base Isolator ထုတ်လုပ်တဲ့ စက်ရုံနေရာများကို ပညာရှင်များနဲ့ သွားရောက်လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံ မှာလည်း အင်အားပြင်း ငလျင်ဒဏ်ကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုများကိုလျော့ချနိုင်ဖို့အတွက် New Starlight Company နဲ့ SafetyInside Company တို့ပေါင်းစပ်ပြီး New Starlight SafetyInsideCompany ကိုတည်ထောင်ခဲ့တယ်လို့သိရပါတယ်။
SafetyInside Company Seismic Isolation bearings & Energy-dissipatingdampers ထုတ်ကုန်များကို ဦးဆောင် ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကမ္ဘာတဝှမ်းရှိအဆောက် အအုံ​တွေအတွက် ငလျင်ဒဏ်ခံနိုင်ရည်မြင့်မားတဲ့ နည်းပညာကို ပံ့ပိုးပေးနေတဲ့နည်းပညာကုမ္ပဏီတခုဖြစ်တယ်လို့ သိရပါတယ်။
အဆောက်အအုံနှင့် မြေပြင်ကြားမှာ Base lsolator များကိုတပ်ဆင်အသုံးပြုထားပြီးတော့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက် အအုံပေါ်ကို သက်ရောက်လာနိုင်တဲ့ ငလျင်အင်အား (Seismic Force) နှင့် လှုပ်ရှားမှုများကို လျှော့ချပေးတဲ့ ခေတ်မီနည်းပညာတရပ် ဖြစ်ပြီး ဒီအဆောက်အဦရဲ့ Base Isolation System အတွက် New Starlight SafetyInside Company က ထုတ်ကုန်တွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW