သူတို့အိမ် အခန်း (၂၀၉)

 

 

ဆူးငှက်

 

 

 

အမှတ်မှားခဲ့သည်
———————-
တကယ်တော့ ကျွန်တော်သည် “သူတို့အိမ်” ကို ရေးသားရာတွင် အကိုးအကား ဒိုင်ယာရီ မှတ်တမ်း မရှိပါ။ အတတ်နိုင်ဆုံး မိမိမှတ်ဉာဏ်ကိုသာ အားကိုးပါသည်။ ထိုအထဲမှ စာရွက်စာတမ်း၊ ပြေစာ၊ ဓာတ်ပုံတို့၏ အထောက်အထားဖြင့် ကျားကန် ခိုင်မတ်စေပါ၏။ သည်တွင် သရက်ကုန်းက မြေကွက်လေး သွားကြည့်ပြီး ငွေချေမည့်နေ့ကို စဉ်းစားသောအခါ အတော် စဉ်းစားယူရသည်။ အတော်ကသိကအောင့်နိုင်သည်မှာ ရက်နှင့် လကိုမှတ်မိပြီး ခုနှစ်က ဒွဟဖြစ်နေသည်။ ထို့ကြောင့် အတော်စဉ်းစားပြီး ၁၉၉၉ ခုနှစ် ဇူလိုင်လ ၉ ရက်ဟု ရေးလိုက်သည်။ တကယ်တော့ မဟုတ်။ မနေ့ကမှ ဓာတ်ပုံ အဟောင်းအိတ်ကို မွှေလိုက်တော့ ခုနှစ် အမှန်ကို သိလိုက်ရသည်။ ရက်နှင့် လကမမှား၊ ခုနှစ်က ၂၀၀၀ခုနှစ်သာ အမှန် ဖြစ်ပါ၏။ ချေဖြစ် မချေဖြစ်ကိုတော့ ဆက်လက် ဖတ်ရှုကြစေလိုပါသည်။

 

 

မြေတိုင်းဆရာပြောတဲ့ အချက်၂ချက်
——————————————
ကိုသန်းဦးနှင့် စည်ပင်ရုံးမြေယာဌာနသို့ သွားရောက် စုံစမ်းသောအခါ နေရာကို စတင်ပြောလိုက်သည်နှင့် မြေယာက မြေတိုင်းဆရာက ထိုမြေရာဇဝင်ကို ဒိုးဒိုးဒေါက်ဒေါက် ပြောပြသည်။ ကျွန်တော်တို့ ကြည့်သော မြေသည် တကယ်တော့ ပုသိမ်ကြီးပိုင်ဖြစ်သည်။ မန္တလေးစည်ပင်လက်အောက် ရောက်သည်က မကြာသေးပေ။ ဆင်လမ်းမ ဟုခေါ်သည့် လမ်းကလေးမှာ မန္တလေးနှင့် ပုသိမ်ကြီး၏ နယ်နိမိတ်လမ်းလေး ဖြစ်ခဲ့သည်။ အနောက်ဖက်ခြမ်းက အနှိပ်တော်ပိုင်ပေါ့၊ ကျွန်တော်တို့ ကြည့်သော အရှေ့ဘက်အခြမ်းက ပုသိမ်ကြီးပိုင်ပေါ့။ ထို့ကြောင့် ၁၉၉၃ခုနှစ်တွင် အမှတ် ၁ မြေတိုင်းအဖွဲ့က တိုင်းသည့် မြေပုံမှာ ၁၉၉၁ခုနှစ်က လန ၃၈(၁) အရချထားသည့် မြေယာကို အခြေခံ၍ ရေးဆွဲသည့် မြေပုံဖြစ်ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာလတွင် သတ်မှတ်ခဲ့သော မန္တလေး အောင်မြေသာစံမြို့နယ်အတွင်း ထည့်သွင်းရန် ရေးဆွဲသည့် မြေပုံဖြစ်ပါသည်။ ထိုအချက်အလက်အားလုံးမှာ မှန်ကန်ကြောင်း မြေတိုင်းဆရာက မှန်ကန်ကြောင်း ပြောပြသည်။

 

 

သို့သော် မြေတိုင်းဆရာက ၁၉၉၃-၉၄ ကတည်းက ရေးဆွဲခဲ့သည့် ထိုမြေပုံမှာ ယခု (၂၀၀၀ ခုနှစ်) အထိ မိမိတို့ မန္တလေးစည်ပင် မြေယာဌာနသို့ တရားဝင် မရောက်ရှိသေးကြောင်း၊ ပုသိမ်ကြီး ကျောက်တိုက်မှာပဲ ရှိနိုင်ကြောင်း၊ ထိုသို့ ယခုထိ မရောကိသေးခြင်းမှာ အချက် ၂ချက်ကြောင့် ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ကိုသန်းဦးတို့က ထိုမြေကို ဝယ်ယူမည် ဆိုပါက ထိုအချက်၂ချက်အပေါ်မှာပဲ အခြေခံ စဉ်းစားစေလိုကြောင်း ပြောပါ၏။ ထိုအချက်၂ချက်မှာ (၁) – ထိုမြေပုံသည် ၁ လက်မလျှင် ပေ ၄၀ အချိုးဖြင့် ရေးဆွဲသည့် မြေပုံမဟုတ်သဖြင့် ပြုပြင်ရေးဆွဲရန်လိုအပ်သောကြောင့် မရောက်သေးခြင်းနှင့် (၂) ညစ်ချင်သဖြင့် မပို့စေခြင်း ဖြစ်ကြောင်း ပြောပြလိုက်သည်။ တဆက်တည်း ထပ်ပြောသည်မှာ သတ္တိရှိရင်တော့ ဝယ်လိုက်ပါ ကိုသန်းဦး၊ ဒီရက်ပိုင်း ကျွန်တော်တို့ဌာနက အဲ့ဒီဖက်ကွင်းဆင်းစရာရှိတယ်ဗျ၊ ကွန်ပျူတာမြေပုံထုတ်ဖို့ အစီအစဉ် အတွက်ပါ။

 

 

သည်တော့ ဝယ်လိုက်ပြီး ခြံခတ်လိုက်ဗျာ၊ ပိုင်ရှင်နံမည် ဆိုင်းဘုတ်လေးကပ်ထားဗျာ၊ မြေလာတိုင်း ပြီး စာရင်းကောက်ရင် ခင်ဗျားခြံဝင်း ဧရိယာနဲ့ ခင်ဗျားနံမည်ပါသွားမှာပဲ။ နောက်ထပ်သတ္တိရှိသေးရင် ဝယ်လိုက်တဲ့မြေထက် ပိုပြီး ခြံခတ်လိုက်၊ အဲ့ဒီဧရိယာက အတည်ဖြစ်သွားမှာပဲ ဟု ပြောကာ ရယ်သည်။ သူကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ သည်တော့ ကိုသန်းဦး ကလည်း တဟဲဟဲရယ်ရင်း သူ့ကိုနှုတ်ဆက်၍ ပြန်ခဲ့ကြသည်။

 

 

 

ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ
—————————-
ဘာပဲပြောပြော ကျွန်တော်တို့ ဝယ်ဖို့ ဆုံးဖြတ် လိုက်ပါပြီ။ လန ၃၈(၁) လည်း တရားဝင် ထွက်ထားပြီလေ၊ အမှတ် (၁) မြေတိုင်းအဖွဲ့က တိုင်းထွာကာ လက်မှတ်ထိုးထားသည့် မြေပုံလည်း ရှိပြီလေ။ သည်တော့ ဝယ်ပြီပေါ့။ ဤသို့ဖြင့် လက်ထဲ မြေမရောက်ခင် ကျွန်တော်က ကိုသန်းဦးနှင့် ကြိုတင် တိုင်ပင်သည်။ “မြေက ၆သိန်းခွဲဆိုတော့ လက်ထဲမှာ ၄သိန်းဝန်းကျင်ပဲ ကျန်တော့မှာဗျ၊ အဲ့ဒီငွေလေးနဲ့ သွပ်မိုးထရံကာ အိမ်လေးတော့ ရချင်တယ်ဗျာ” ဟုဆိုတော့ ကိုသန်းဦးက “ရအောင် စီစဉ်ကြတာပေါ့ဗျာ၊ ရမှာပါဗျ၊ လောလောဆယ် ခြံခတ်ဖို့ လုပ်ရမှာ” ဟု ပြောသည်။ သည်လိုနှင့် နောက်ရက် ၂၀၀၀ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာပဲ ငွေကျပ် ၆သိန်း၅သောင်းဖြင့် အရှေ့အနောက် ပေ ၅၀၊ တောင်မြောက် ပေ၅၀ရှိ မြေကွက်လေးကို ဝယ်ယူဖြစ်လိုက်ပါပြီ။

 

 

ပြွန်တစ်လုံးထပ်မှာရှိသော ဦးမြမောင်၏ မြသီရိရိပ်မွန်ခြံတွင် ငွေအကြေချေကာ စာချုပ်လိုက်သည်။ ထို့နောက် ထိုနေရာလေးတွင် အိမ်နီးချင်း ဒေါ်မြစံနှင့် သမီးမွန်မွန်စန်းတို့နှင့်အတူ သွားရောက်ပြီး ဦးမြမောင်က မြေဧရိယာများ တိုင်းထွာ သတ်မှတ်ပေးလိုက်၏။ ဇူလိုင်လ၏ နေထန်းတစ်ဖျားက အစွမ်းပြစပြုသော်လည်း ကွင်းထဲက ရေရိပ် သစ်ရိပ်နှင့်အတူ တသုန်သုန်ကွင်းလေကြောင့် အေးမြနေသည်။ ကျွန်တော်က မြေဧရိယာ တိုင်လေးတိုင်ကြားက ရေစပ်စပ် ပိတ်စွယ်တောကိုကြည့်ရင်း ဒါ ငါ့မြေဟူသောပီတိဖြင့် အပူငြိမ်း ချမ်းမြေ့နေပါ၏။

 

 

မြေလေးတစ်ကွက်၏ အပျော်ဓာတ်များ
——————————————–

 

ကျွန်တော့်နည်းတူ တလျှောက်လုံး မငြီးမငြူ လိုက်ပါအကျိုးဆောင်ပေးသော ကိုသန်းဦးကလည်း ဝမ်းသာနေသည်။ ထို့အတူ အိမ်နီးချင်း ဖြစ်လာသည့် ဒေါ်မြစံတို့ သားအမိကလည်း ဝမ်းသာနေသည်။ ကျွန်တော်က ထိုနေ့ကတည်းက ဒေါ်မြစံကို အန်တီစံဟု ခေါ်ကာ သူက ကျွန်တော့်ကို ငါ့မောင်၊ ငါ့မောင်ဟု ခေါ်တော့သည်။ အန်တီစံ အိမ်မှာပဲ ဦးမြမောင်က သူ့လူတစ်ယောက်ကိုလျွှတ်ကာ ၁၉လမ်း ကြိုင်သင်းလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်နှင့် ပဲလမုန့်များ ဝယ်၍ ကျွေးမွေးသည်။ ကျွန်တော်တို့လည်း လက်ဖက်ရည်သောက်ပြီး စကားကောင်း မနေတော့ဘဲ ဝင်းခတ်ဖို့အတွက် ပစ္စည်းဝယ်ထွက်ကြသည်။ အိမ်ဝင်းလေးက မြောက်သို့ထွက်ပြီး အနောက်ပြွန်တစ်လုံးဆင်းကာ ရေစစ်ကန်ဘက်က ထါက်တာ လမ်းသာသော်လည်း တောင်ဘက်သို့ ထွက်သည့် လမ်းကတော့ ၂၆လမ်းအထိက လူမနေသေးသည့် ခြံဝင်းများရှေ့မှာ ရေစပ် ချိုင့်ခွက်များနှင့် မို့ လမ်းမသာ။ တောင်ဘက်လမ်းမ ရောက်ခါနီးမှ လူနေ အိမ်လေးတွေ ရှိလာလို့ လမ်းသာသည်။

 

 

ကျွန်တော့်ဝင်းနှင့် ပေ၅၀၀လောက်အကွာ သည်ဖက်ခြမ်းမှာ ငှက်ပျောခြံတစ်ခြံရှိသည်။ ထို့နောက် အိမ်ဝင်း တစ်ဝင်းရှိသည်။ (နောက်မှ သိရသည်မှာ ထိုအိမ်ဝင်းလေးက မာန်အောင်တိုက်ရှေ့မှာ ထွက်သည့် ရခိုင်ကြီး မုန့်ဟင်းခါးဆိုင်အိမ်တဲ့)။ တောင်ဘက် ထိပ် ရောက်မှ အိမ်တွေ တစ်စုတည်း တွေ့ရသည်။ လမ်းထိပ်မှာ ကွမ်းယာဆိုင် ထမင်းဆိုင်လေးတွေ တွေ့ရသည်။ ထိုအိမ်အစုအဝေးက မူရင်း ရွာလေးတဲ့လေ။ ထိုစဉ်က မာန်အောင်တိုက်မှသည် အောင်ပင်လယ်ကန်ဘောင် မေမြို့လမ်းအထိ ပေါက်သည့် ၂၆ဘီလမ်းက အသစ်ဖောက်ကာစမို့ ကျောက်ကြီးများ ချထားသည့် အဆင့်ပဲရှိသည်။

 

 

ဝင်းခတ်သည်ကအစ အကုန်အကျ
————————————-
ထိုကမှ ကျောက်ကြမ်းလမ်းပဲရှိသေးသော ၅၈လမ်းအတိုင်း ကျန်းမာရေးရပ်ကွက်နှင့် ယဉ်ပျံရပ်ကြား ကတဆင့် ၃၅လမ်းအထိ ထွက်ပြီး ဌေးဌေးကြွယ်ဆိုင်က ဝင်းခတ်မယ့် ထုထရံများနှင့် မျောတိုင်များ ဝယ်သည်။ ၅ပေ×၁၅ပေ ထုထရံ ၁၄ချပ်နှင့် ပကာတိုင် ၃၄တိုင် ဝယ်ခဲ့သည်။ သည်မှာပဲ ငွေ ၁သောင်း ခြောက်ထောင် ကျော် ကုန်ခဲ့ပြီ။ ထို့နောက် အနောက်သို့ဆင်း၍ မင်္ဂလာဈေး ဦးလှကျော်ဆိုင်က ကာကူလေတာ ၁လုံး၊ ဆေးကတ္တရာနှင့် သံများ ဝယ်ရသည်။ သည်မှာက ၁ထောင့် လေးရာနီးပါးကျသင့်သည်။

 

တစ်လက်စထဲပင် ၆၂လမ်း ဧရိပ်မွန်မြောက်နားက နေလ သစ်ဆိုင်ဝင်ပြီး ဝင်းထရံအတွက် ၃”×၂” အသားချောင်း အချောင်း ၂၀လည်း ဝယ်လိုက်တော့ နောက်ထပ် ရှစ်ထောင်ကျော် ထွက်သွားသည်။ အလိုလေး.. အိမ်မရောက်ရသေးဘူး၊ ဝင်းကာဖို့ ပစ္စည်းကပင် ဒီနေ့တစ်နေ့ခင်းထဲ ၂သောင်းကျော် ၃သောင်းနီးပါးကုန်ချေပြီ။ ငွေ၃သိန်းကျော် ၄သိန်းနှင့် အိမ်ကလေး တစ်လုံး ရပါ့မလားလေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW