ဩဂုတ် ၃၁ ၊ ၂၀၂၆
GG (VOM)
ငါးသိုင်းချောင်းမြို့နယ်ထဲမှာ ဒီနေ့ ဩဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းက စက်လှေတစီးတိမ်းမှောက်ပြီး တယောက်သေဆုံးကာ နှစ်ယောက်ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
စက်လှေတိမ်းမှောက်မှုမှာ ကိုမြင့်ဦး ၊ ကိုမှတ်ကြီး ၊ ကိုသိန်းမင်းအောင်တို့ ရေနစ်ခဲ့တာဖြစ်ပြီး အဲဒီထဲကမှ တယောက်သေဆုံးခဲ့တာ ဖြစ်ကြောင်း
လက်ရှိမှာ ပျောက်ဆုံးနေတဲ့ နှစ်ယောက်ကို လူမှုကူညီရေး အသင်းဖွဲ့တွေက ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ် ။
” စက်လှေမှောက်တဲ့သူတွေက ကြပ်ကွင်းရွာကပါ။ မှောက်တာကတော့ ကြပ်ကွင်းရွာအရှေ့ဘက်မှာပါ။ အခု မြင့်ဦး အလောင်းကိုတော့တွေ့ပြီ။ကျန်တဲ့နှစ်ယောက်မတွေ့သေးဘူး။ စက်လှေထွက်စီးကြတာ မမောင်းတတ်တော့ ဖြစ်သွားတာပါ ။အသက်တွေက ငယ်သေးတယ်။ ” လို့ ဒေသခံ က ပြောပါတယ်။
ဩဂုတ် ၂၇ ရက်နေ့ကလည်း ငါးသိုင်းချောင်းမြို့နယ် ၊ရွာသစ်ကုန်းရွာအနီးမှာ စက်လှေတစီးတိမ်းမှောက်ပြီး အသက် ၂၈ နှစ်အရွယ် အမျိုးသား တယောက်သေဆုံးခဲ့ပါတယ်။
ငါးသိုင်းချောင်းမြို့နယ်မှာ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်ကလည်း ရေနစ်သေဆုံးတဲ့ အမျိုးသားအလောင်းနှစ်ခုတွေ့ရှိခဲ့ရပြီး လေးမျက်နှာမြို့နယ် ၊ ခမောက်စုကျေးရွာ အုပ်စုအပိုင်ထဲ မရမ်းအိုင်ဘက်မှာလည်း ရေနစ်သေဆုံးတဲ့ အသက်ကြီးပိုင်း အမျိုးသားတယောက် နဲ့ အသက် ၁၀ နှစ်အရွယ်ကလေး တယောက်အလောင်း တွေ့ရှိခဲ့ရပါတယ်။
ဩဂုတ် ၁၇ ရက်နေ့ကလည်း ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ် ။
လေးမျက်နှာမြို့နယ်မှာ အရင်ရက်တွေကလည်း ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူ နှစ်ယောက်ရှိခဲ့ပြီး ပျောက်ဆုံးသူတချို့လည်းရှိတယ်လို့ သိရပါတယ်။
ခုဆိုရင် ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ရေကြီးမှုဖြစ်ပွားနေတာဟာ တလဝန်းကျင်အထိရှိလာပြီးနောက် လေးမျက်နာနဲ့ငါးသိုင်းချောင်းမှာ ရေပြန်ကျလာပြီး နေအိမ် ပြန်လည်နေထိုင်သူတွေရှိလာပါတယ်။
ဓာတ်ပုံ – ၂၇ ရက်နေ့က ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသားအလောင်း
