သူတို့အိမ် အခန်း (၂၁၀)

ဆူးငှက်

 

မြေပြီးတော့ ရေ
———————-
မြေဖိုးငွေချေပြီး ကျန်ငွေ ၄သိန်းလောက်နှင့် သွပ်မိုး ကပ်ကာအိမ်လေး ဆောက်ပေးပါဆိုတော့ အင်ဂျင်နီယာ ကိုသန်းဦးလည်း ခေါင်းကုပ်ရချေပြီ။ အဘယ့်ကြောင့် ဆိုသော် ဝင်းလေးကို ထရံကာသည်ကပင် ၃သောင်းခွြလောက် ကုန်ကျနေပြီ။ တစ်ဆက်တည်းပင် ရေအတါက်လည်း အဝီစိတွင်း တူးရဦးမည်။ ကျွန်တော်က “ကိုယ့်လူ အဝီစိတွင်းကို နောက်မှ တူးလို့ မဖြစ်ဘူးလားဗျာ၊ လိုတဲ့ရေကို ရှေ့က ရေမြောင်း၊ တောင်ဘက်ကရေမြောင်းတွေက ယူလို့ မရဘူးလား” ဟု ကိုသန်းဦးကို ဈေးဆစ်တော့ “လုပ်ငန်းသုံးအတွက်တော့ ရတာပေါ့၊ ဒါပေမယ့် လူသုံးအတွက်က ဒီမြောင်းရေနဲ့ ဘယ်ဖြစ်မလဲဗျ၊ သောက်ဖို့ သုံးဖို့ ချက်ဖို့ ပြုတ်ဖို့ လျှော်ဖို့ ဖွပ်ဖို့ ရှိတယ်လေ၊ ရေက တစ်လက်စတည်း တူးထားမှ အဆင်ပြေမှာဗျ” ဆိုတော့ တူးစေပေါ့။ ဟုတ်သည် နောက်တော့ သည်အဝီစိတွင်းရေလေး ရှိနေလို့ အဆင်ပြေသည်။ သို့မဟုတ်ပါက မလွယ်လှ။

 

 

ဤသို့ဖြင့် ဇူလိုင် ၁၂ရက် ဗုဒ္ဓဟူးနေ့မှာပဲ သရက်ကုန်းဘုန်းကြီးကျောင်းက သံဃာ ၁ပါးကို ပင့်ပြီး ကန်တော့ပွဲ ဝတ္ထုငွေ ၁၇၀၀ ကျပ်ဖြင့် မြေနှုတ်သည်။ အဝီစိတွင်းအတွက်လည်း ကန်တော့ပွဲထိုးကာ စရန်ပေးလိုက်သည်။ ထိုနေ့မှာပဲ ၆၂လမ်း ဣန္ဒြိယာရာမတိုက်နှင့် မျက်နှာချင်းဆိုင် နေလ သစ်ဆိုင်မှာ လိုအပ်သော သစ်သားများစာရင်းပေးပြီး စရန် ၅သောင်း ပေးခဲ့၏။ သစ်ကတော့ မရခဲ့သေး။ ဘာပဲပြောပြော အိမ်ကလေးအတွက် လုပ်ငန်း စရပြီလေ။ နက်ဖြန်ဆို လုပ်ငန်းခွင်က အသက်ဝင် လာတော့မှာပေါ့။ ထိုနေ့မှာပဲ ဆရာကျော်ရင်မြင့်က အိမ်လေးဆောက်သည့်နေရာသို့ ရောက်လာပြီး သတင်းပေးသည်။ သည်နေ့ တောင်စလင်းတိုက်သစ်က ဗြဟ္မစိုရ်ရုံးခန်းတွင် အစည်းအဝေးအပြီး စကားစပ်မိကြတော့ ဆရာက ကျွန်တော် အိမ်လေးတစ်လုံး ခက်ခက်ခဲခဲဆောက်နေကြောင်း ပြောဖြစ်သတဲ့။

 

 

ကြားရသည့် သတင်းကောင်း
—————————–
ထိုအခါ နဒီမြန်မာဦးအောင်ခိုင်က လောလောဆယ် ၆၂လမ်း မနော်ရမ္မံက နဒီမြန်မာဟိုတယ်ကို အကြီးစား ပြင်ဆင်နေကြောင်း၊ ဟိုတယ်ရှိ ကြေးခွေများ တံခါးများ အားလုံး ဖြုတ်ချထားပြီး အသစ်လဲနေကြောင်း၊ ထို့ကြောင့် ကိုဆူး အသုံးတည့်မယ် ဆိုရင် ဖြုတ်ချထားတဲ့ ပစ္စည်းဟောင်းတွေ လာယူနိုင်ကြောင်း အကန့်အသတ် မရှိပါ၊ ကြိုက်သလောက် ယူပါ၊ တစ်ပြားမှလည်း ပေးစရာမလိုပါ။ တစ်ခုပါပဲ ယူသည့် ပစ္စည်းများ ကိုတော့ အမျိုးအစားနှင့် အရေအတွက်ကို စာရင်းပြုစုပြီး ဟိုတယ်ရှိ သူ့မန်နေဂျာထံ ပေးအပ်ရန်သာ ဖြစ်ပါကြောင်း ပြောသတဲ့။ ဆရာကျော်ရင်မြင့်က ထိုသတင်းကို ကျွန်တော့်ထံ အားရဝမ်းသာ လာပြောသည်။ ကျွန်တော် ကလည်း ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။

 

 

ထို့ကြောင့် နောက်ရက် မနက်စောစောမှာပဲ ဘူတာကြီးက ခေါက်တို ဒိုင်နာ ကားတစ်စီး ငှားပြီး ၆၂လမ်းရှိ နဒီမြန်မာ ဟိုတယ်သို့ ကိုသန်းဦးနှင့် သွားကြသည်။ ဦးအောင်ခိုင်ကပြောထားသောကြောင့် မန်နေဂျာ အမျိုးသမီးကလည်း အဆင်သင့် စောင့်နေ၏။ ဟိုတယ်က အကြီးစား ပြင်ဆင်နေဆဲ ဖြစ်သည်။ မန်နေဂျာက ကျွန်တော်တို့ကို ဟိုတယ် အရှေ့ဘက်ကြားထဲက စံနစ်တကျထပ်ထားသော ကြေးခွေများ တံခါးများ မှန်လည်များ သံပန်းများ ဗီရိုများကို ပြသည်။ ကြိုက်တာကို ယူပါ။ ဟူသည့်စာရင်းကိုပဲ သူ့ထံ လာပေးပါဟု ပြောကာ သူ့အခန်းသို့ ပြန်သွားသည်။

 

 

လိုအပ်မယ့် ပစ္စည်းတွေ စိတ်ကြိုက်ယူပါ
——————————————
ကိုသန်းဦး နှင့် ကျွန်တော်က ကြေးခွေအထပ်ကြီးပေါ် တက်ကြည့်ပြီး အသုံးတည့်မည့် ကြေးခွေများကို ရွေးသည်။ ထိုကြေးခွေများက ဖြုတ်ထားသော မှန်များနှင့် သံပန်းများကိုလည်း စစ်သည်။ ဤသို့ဖြင့် (၄’၉” × ၅’ ၆”) ကြေးခွေ ၆ခွေ၊ (၃’၁” × ၉’) ၂ခွေ၊ (၉’ ၆” × ၄’ ၃”) ၂ခွေ၊ (၉’× ၁၀’) ၁ခွေ၊ (၈’၄”× ၁၀’) ၁ခွေ၊ (၈’၄”× ၁၀’) ၁ခွေ၊ စုစုပေါင်း ကြေးခွေ ၁၂ခွေနှင့် ထိုကြေးခွေများက မှန်များနှင့် သံပန်းများလည်း ရွေးလိုက်သည်။ ထိုကြေးခွေများကို ကားပေါ်တင်နေစဉ်တွင် မန်နေဂျာ အမျိုးသမီးလေး ရောက်လာပြီး “ဆရာဦးအောင်ခိုင်က ဗီရိုများလည်း ယူပါလို့ ဖုန်းဆက် ပြောပါတယ်” ဟု ပြောလှာသောကြောင့် ဟိုတယ်သုံးသည့် ဗီရို ၂လုံးလည်း ကားပေါ်တင်လိုက်ပါ၏။

 

 

ကိုင်း၊ ယူလာသည့် ကြေးခွေတွေက ၆”×၂” ထု အသားမာတွေ၊ အိမ်တိုင်အတွက် နေလမှာ စရန်ပေး မှာထားတာက ၄ပတ်လည်တွေမို့ ဆင်နှင့် ချွန်းက မလိုက်တော့၊ သည်တော့ ကျွန်တော်နှင့် ကိုသန်းဦး ခေါင်းချင်းဆိုင် ရတော့သည်။ ဘယ်လိုမှ ငွေ ၄သိန်းနှင့် မလောက်နိုင်တော့။ ထိုအခါ အများသုံးနည်းလမ်းဖြစ်သော နောင်ခါလာ နောင်ခါဈေး၊ ကြွေးတင်ရှင်ဘုရင်ဆပ် နည်းလမ်းကိုပဲ သုံးကာ ရသလောက်ပိုက်ဆံကို လှည့်လည် ချေးငှားရတော့သည်။ မုံရွာ အေးအေးဆီက၊ ဆွေမျိုး စက်ဆရာကိုမောင်ထွေးဆီက၊ ကိုသန်းဌေး(ဥတ္တရလွင်ပြင်)ဆီက၊ ဆရာမောင်ဖူလုံဆီက သူထုတ်မည့် မန္တလေးနရီစာအုပ်အတွက် စရန်ငွေ၊ မမ လူထုဒေါ်တင်ဝင်း ဆီက ကြိုတင် လခ စသည်ဖြင့် လက်ကုန် နှိုက်ရတော့သည်။
ကျွန်တော်ကတော့ ရလာသည့် ၆”×၂” သစ်မာကြေးခွေတွေကို မဖြတ်မတောက်ရဘဲ အသင့် သုံးနိုင်သည့် ခန်းဖွဲ့များနှင့် အိမ်ပုံစံလေးကို အခန်းပြန်ရောက်တော့ တကုပ်ကုပ်ဆွဲတော့သည်။ ဘုရားခန်း၊ ဧည့်ခန်းအပြင် ကျွန်တော်တို့အတွက် အိပ်ခန်း၊ သား၂ယောက်အတွက် အိပ်ခန်း၊ အမေ့အတွက် အိပ်ခန်း၊ နှင့် မီးဖိုခန်း အိမ်သာ ရေချိုးခန်းလေးတွေလည်း ပါသည့် မျက်နှာဖွင့် ၂၇ပေ နှင့် အရှည်၂၄ပေရှိ ၁ထပ်အိမ်လေး ပုံစံဖြစ်သည်။ ရှေ့မှာ ဆင်ဝင် ပရပ်လေးလည်း ထည့်ထား၏။

 

 

 

ဒေါ်ဒေါ်က ကျွန်မ သားလိုတူလိုတဲ့
————————————
နောက်ရက်ရောက်တော့ အိမ်ပုံစံလေးကို ကိုသန်းဦးကို ပြသည်။ သူက လိုအပ်တာတွေ ပြင်ဆင် ဖြည့်စွက်ပြီး အတည်ပြုလိုက်ကြ၏။ ထို့ကြောင့် ဇူလိုင်လ ၁၆ ရက်နေ့ရောက်တော့ အိမ်ပန္နက်ရိုက်ကြသည်။ ထိုနေ့မှာပဲ မြို့ထဲရောက်လို့ လူထုတိုက် ဝင်တော့ မမဒေါ်တင်ဝင်းက ဆီးပြောသည်။ “မေမေက တိုက်မှာ မင်းကို မမြင်တော့ ဒို့ကို မေးတယ်၊ မောင်ကျော်ဆန်းမမြင်ပါလား၊ သူနေမှကောင်းရဲ့လားဆိုတော့ ဒို့က မေမေ့ကို မင်းအိမ်ဆောက်နေတာ အခြေအနေတွေကို ပြောပြဖြစ်တယ်။

 

 

မေမေက ခဏနေတော့ သူ့မိတ်ဆွေ အုတ်သူကြီးဦးကျော်ဌေးကို ဖုန်းနဲ့ လှမ်းမေးတာ၊ ကိုကျော်ဌေး အခု အုတ်တစ်ဖို ဘယ်လောက်ဈေးရှိလဲတဲ့၊ ဦးကျော်ဌေးက ဒေါ်အမာ ဘာလုပ်စရာရှိလို့လဲလို့ ပြန်မေးတာ၊ ဒီတင် မေမေက ကျွန်မ သားလိုတူလို ကလေးတစ်ယောက် အိမ်ဆောက်နေတာ အုတ်တစ်ဖိုလောက် ကူညီချင်လို့ပါဆိုတော့ ဦးကျော်ဌေး က ဒါဆို ကျွန်တော်လည်း အုတ်တစ်ဖို ကူညီပါရစေ၊ လိပ်စာသာ ပြောပါ။ ကျွန်တော် ဒေါ်ဒေါ်အတွက်ရော ကျွန်တော့် အတွက်ရော အုတ် နှစ်ဖို ပို့ပေးလိုက်ပါမယ်၊ ဒေါ်ဒေါ်ပေးမယ့် အုတ်တစ်ဖိုဖိုးကို ဒေါ်ဒေါ်ကြုံမှ ပေးပါတဲ့။ အဲ့ဒါ မင်းလိပ်စာ သေချာရေးပေးဦး၊ မမက ဦးကျော်ဌေးကို လှမ်းပို့ပေးရမှာတဲ့။

 

 

ကျွန်တော် ဘယ်လိုပြောရမှန်းမသိ၊ ဝမ်းထဲ လှိုက်ခနဲ ဖြစ်ကာ မျက်ရည်များပင် ကျလုလု ဖြစ်သွားသည်။ ဒေါ်ဒေါ်က “ကျွန်မ သားလို တူလိုတဲ့” ကျွန်မ တပည့်လေးလို့ ဘယ်တော့မှ မပြော။ ကျွန်တော်က မမဒေါ်တင်ဝင်း ကို လိပ်စာရေးပေးခဲ့သည်။ ထို့နောက် အိမ်ဆောက်မည့်နေရာ ပြန်သွားပြီး ကိုသန်းဦးကိုလည်း အကျိုးအကြောင်း ပြောပြလိုက်သည်။ ကိုသန်းဦးက ဒါဆို ၄” အုတ်ရိုးနံထောင်လေး တက်လို့ ရပြီဗျ၊ သွပ်မိုး နံကပ် တိုက်လေးပေါ့ဗျာတဲ့။

 

သစ်မာရှာပုံတော်
———————
မင်းကွန်းက ပန်းရံ ကိုဌေးလွင်တို့ လိုင်းကျင်းတွေတူး အုတ်မြစ်တွေချကြပြီ။ ကျွန်တော်နှင့် ကိုသန်းဦးကတော့ မနက်လင်းတာနှင့် သစ်ရှာဝယ်ရသည်။ သစ်ရှာရသည်ဆိုတာက သစ်မာက အတော်ရှားသည်။ လိုချင်တာ ကြိုမှာထားရသည်။ ရတော့လည်း ဈေးက ခေါင်ခိုက်နေသည်။ တချို့ဆိုင်လေးတွေမှာ ကံကောင်းလျှင် သစ်မာကို အဆင်သင့်တွေ့ရုံမက ဈေးလည်း အသင့်အတင့်နှင့် ရတတ်သည်။ ထိုဆိုင်လေးများကို ကိုသန်းဦးက ရှာတတ်သည်။ ပုံမှန်ဝယ်နေကျ နေလသစ်ဆိုင်၊ ရွှေယဉ်မွန် ၅၈လမ်းပေါ်က ဆိုင်တွေကတော့ သစ်ကို ကြိုမှာမှ ရသည်။ ထိုနေ့က မန္တလေး တက္ကသိုလ်အရှေ့ဘက် မဟာမြိုင်ရပ်ကွက်ထဲက သစ်ဆိုင်လေးသို့ ရောက်သွား၏။ လိုချင်သည့် သစ်မာအမျိုးအစားတွေ အသင့်ရှိသည်။ သို့သော် ဈေးက မကိုက်၊ ကိုသန်းဦးက ရချင်သည့် ဈေးကို ဆစ်၏။ သစ်မာကို အသင့် တွေ့လို့ လက်လည်း မလွှတ်ချင်၊ ဈေးကလည်း တင်းနေသောကြောင့် ခေါင်းကုပ်နေရပြန်သည်။ ထို့ကြောင့် သစ်ပုံဘေးကလည်း မခွာနိုင်၊ ပြေစာလည်း မဖြတ်နိုင် ဖြစ်နေတော့သည်။

 

 

သည်တော့ ဆိုင်ရှင်က ဤသို့ ဆို၏။ “ငါ့ညီတို့ သည်လိုလုပ်ပါလား။ သစ်တွေက ဖက်စပ်က ကိုင်တာ၊ ဖက်စပ်က သစ်ပါမစ်ရရင် ဈေးက အပြင်ဈေးနဲ့ဘာမှ မဆိုင်ဘူး၊ သိပ်သက်သာတာ၊ ဒီတော့ ဖက်စပ်က သစ်ပါမစ်ရအောင် ကြိုးစားကြည့်ပါလား၊ ဒါဆို အဆင်ပြေလိမ့်မယ်။ ဒို့က ပါမစ်ရသူတွေဆီက အဆင့်ဆင့် ဝယ်ရတော့ ဈေးက လျော့မရလို့ပါ။ ငါ့ညီတို့လည်း ဖက်စပ်သစ်ပါမစ်ရအောင် လိုက်ကြည့်ပါလား” ဟု အကြံပေးသည်။ ထို့ကြောင့် “သစ်ပါမစ်က ဘယ်လိုလျှောက်ရတာလဲဗျ”ဟု မေးတော့ သစ်ဆိုင်ပိုင်ရှင်က သစ်ပါမစ်တွေ ချပေးတာ ဦး(……) ဗျ၊ သူက ပါမစ်ချပေးတာ၊ ဒို့ကလည်း ဒီလောက်ပဲသိတာ” ဟု ပြောပြသည်။ ဦး(……) တဲ့၊ ဒီ နံမည်က မစိမ်းလှ။ ကျွန်တော် စိတ်ထဲမှာ သည်နံမည်ကို အကြိမ်ကြိမ် ရွတ်ကြည့်နေမိသည်။ ဦး(……) တဲ့၊ ကျွန်တော် စဉ်းစားကြည့်သည်။ သိပ်မကြာလိုက်ပါ။ ဖျပ်ခနဲ…။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW