မေ ၂၇ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ် ၊မတူပီ ၊ ကန်ပက်လက်မြို့တွေမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ အစိုးရတပ် စစ်ကြောင်းက ချင်းတောင်ပိုင်းက မြို့တွေကို ပြန်လည်သိမ်းပိုက် နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း အင်အားထောင်နဲ့ချီ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီကနေ့ မေ ၂၆ ရက်မှာဆိုရင် မတူပီမြို့နယ်မှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။
အလားတူ ကန်ပက်လက်မြို့နယ်ကိုလည်း မနက်ကနေ ညပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး မင်းတပ်မြို့နယ်ထဲ မှာဆိုရင်လည်း လေကြောင်းတိုက်ခိုက် ရှိကြောင်းသိရပေမယ့် တိုက်ခိုက်ခံရတဲ့ အကြိမ်အ ရေအတွက်ကိုတော့ အတိကျမသိရှိရသေးပါဘူး ။
” ချင်းတောင်ကို ပြန်သိမ်းဖို့ အင်အားထောင်ချီသုံးသလို လေယာဥ်နဲ့ရိက္ခာတွေ လက်နက်တွေလည်း ဖြည့်တင်းမှုရှိနေတယ်။ ကန်ပက်လက်ဘက်မှာတော့ အခု စစ်တပ်ဘက်က ရှေ့ဆက်တိုးမလာနိုင်ဘူး သိရတယ်။ လေကြောင်းကတော့ ဆက်တိုက်ကြဲနေတာပဲ မတူပီမှာ ဒီနေ့ဆို အကြိမ်ရေ ၃၀ ကျော်ဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရ စာရင်းကတော့ ဘာမှကို မသိရသေးဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မေ ၁၁ ရက်ကနေ ၂၅ ရက်အတွင်းကလည်း ချင်းတောင်ပိုင်းရှိမြို့ နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်အထိ ရှိခဲ့ပြီး လူနှစ်ယောက်သေဆုံးကာ အိမ် ၊ ဆိုင်ခန်း အပါအဝင် အဆောက်အဦတွေ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ခုဆိုရင် မတူပီ ၊ကန်ပက်လက် ၊မင်းတပ်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာဟာ ၁၀ ရက်လောက်အထိရှိလာပြီဖြစ်သလို တိုက်ပွဲက ရက်ကြာရှည်ဖြစ်ပွားနိုင်တဲ့အခြေအနေရှိတာကြောင့် စစ်ရေးကုန်ကျစရိတ်အတွက် ပါဝင်လှူဒါန်းပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA ) အတွင်းရေးမှူးဖြစ်သူ ဆလိုင်းယောမန်က သူ့ရဲ့လူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။
စစ်ရေးကုန်ကျစရိတ်က လျာထား ခန့်မှန်းချက်အနေနဲ့ သိန်းသောင်းချီကုန်ကျမှု ရှိနိုင်တယ်လို့ သူက ပြောဆိုထားတာ တွေ့ရပါတယ် ။
လက်ရှိမှာ မင်းတပ် ၊ မတူပီ ၊ ကန်ပက်လက်မြို့နယ်တွေထဲက ကျေးရွာဒေသခံအများစုဟာ တောတောင်တွေထဲမှာ နေရပ်စွန့်ခွာ စစ်ရှောင်နေကြရပြီး တိုက်ပွဲရက်ကြာလာတာနဲ့အမျှ အကူအညီတွေလည်း လိုအပ်လာနေတယ်လို့ သိရပါတယ်။
