ဩဂုတ် ၁ ၊ ၂၀၂၅
GG(VOM)
ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ သံလွင်မြစ်ရေက ၉ ရက်ကြာတဲ့အထိ ဆက်တိုက်တိုးလာနေတဲ့အတွက် တမြို့လုံးနီးပါး ရေကြီးမှုဖြစ်ပွားနေပြီး မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်မှာဆိုရင် နေအိမ်တွေ ရေနစ်မြုပ်တဲ့အထိ ရှိနေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
မြစ်ရေဆက်တိုက်တိုးလာတာကြောင့် မြို့ထဲကို ကား ကြီးသာ ဝင်ရောက်နိုင်တဲ့ အခြေအနေရှိပြီး.ကားသေးဝင်ရောက်ဖို့ မလွယ်တော့ကြောင်း ၊ ဘားအံ့မြို့နယ်ထဲက အထင်ကရနေရာဖြစ်တဲ့ ကော့ဂွန်း ၊ ဆန္ဒန်ဂူ ၊ နော့ခလိုင်ဂူ စတဲ့နေရာတွေမှာလည်း ရေလွှမ်းမိုးနေပြီး သွားလာလို့ မရတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။
” ရေက ဆက်တိုးလာတယ်။အခုက ဘယ်နေရာမှသွားဖို့မလွယ်တော့ဘူး။ နော့ခလိုင်ဂူဘက်ဆို ဂူဝကရေမြုပ်သွားပြီမြင်ကိုမမြင်ရတော့ ဘူး ။အခုရေကတမြို့လုံး ရေကြီးနေတာ။မြို့ထဲလည်း တွဲကားကြီးတွေလောက်ပဲသွားလို့ရတယ်။ကားသေးက မလွယ်ဘူး။မြို့ထဲမှာ နေရာတိုင်းရေကြီးနေတယ်။ကျွန်တော်တို့ဘားအံက မြေနေရာမညီဘူးလေ။နိမ့်တဲ့နေရာက နိမ့်ပြီး ကုန်ကျတဲ့နေရာကသပ်သပ်ဆိုတော့ နိမ့်တဲ့နေရာတွေက အခုရေနစ်မြုပ်မှုဆိုးတယ်။ဆယ်အိမ်စု၊အမှတ် ၅ ဘက်ဆိုရင် အုတ်ဖိုတို့ဥယျာဥ်လမ်းတို့ တော်တော်များများပဲမြုပ်ကုန်ပြီ။တချို့အိမ်တွေဆို ခေါင်မိုးတောင်မမြင်ရတော့ဘူး။မြုပ်ကုန်ပြီ။” လို့ မြေပြင်မှာကူညီဆောင်ရွက်ပေးနေတဲ့ ဘားအံဒေသခံကပြောပါတယ်။
လက်ရှိ ဘားအံမှာ တမြို့လုံးနီးပါးရေကြီးမှုမှာ အမှတ် ၁ ရပ်ကွက် ၊အမှတ် ၂ ၊ အမှတ် ၃ ရပ်ကွက် ၊ အမှတ် ၅ ရပ်ကွက် ၊ အမှတ် ၅ ရပ်ကွက်တွေက ရေကြီးနစ်မြုပ်မှု အခြေအနေ ဆိုးတာဖြစ်ကြောင်း နောက်ထပ်အနိမ့်ပိုင်း ရေနစ်မှုဖြစ်လာနေတဲ့ အမှတ် ၇ ၊ အမှတ် ၈ ရပ်ကွက်ကို အခြေအနေစောင့်ကြည့်နေပြီး လိုအပ်ပါကာ ကူညီကယ်ဆယ်ရေးလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။
ရန်ကုန် – ဘားအံ လမ်းပိုင်းတလျှောက်မှာလည်း ရေကြီးနေပြီး ဒုံသမိ ၊ကျိုက်ကော်ဘက်မှာ ရေကျော်နေတာကြောင့် ကားကြီးတွေသာ သွားလာလို့ရတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့သိရပါတယ်။
” ရန်ကုန် – ဘားအံလမ်းကတော့ ဒုံသမိတံတားဘက်မှာ ရေကျော်နေတယ်။ကားကြီးတွေပဲရတယ်။ရေကတဖြေးဖြေးချင်း ဆက်တိုးနေတုန်းပဲ။ စောင့်ကြည့်ရပ်ကွက်တွေကို လိုအပ်ရင်ရွှေ့ပြောင်းဖို့စောင့်ကြည့်နေတယ်။တချို့လည်း အိမ်စောင့်ကျန်ခဲ့သူတွေရှိတယ်။ရွာဘက်တွေလည်း အနိမ့်ပိုင်း တွေရေနစ်နေတယ်။” လို့ မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း ဘားအံမှ အသင်းဝင်တယောက်ကပြောပါတယ်။
ဘားအံမြို့နယ်ထဲက သံလွင်မြစ် အနောက်ဘက် ကမ်းဘေးရွာတွေမှာလည်း ရေနစ်မြုပ်မှုကို ရင်ဆိုင်နေရပြီး ရေဘေးသင့်သူ အများအပြားရှိနေတယ်လို့သိရပါတယ်။
လက်ရှိမှာ ဘားအံမြို့ပေါ်က ရေဘေးသင့်သူတွေကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခုဖွင့်လှစ်ကာ နေထိုင်စေပြီး ကျေးရွာဘက်မှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း ရှစ်ခုလောက်ဖွင့်ထားပြီး ယာယီနေထိုင်ခွင့်စီစဥ်ပေးထားတယ်လို့သိရပါတယ်။
ရေဘးသင့်စခန်းတွေမှာ ရေဘေးသင့်ပြည်သူအရေအတွက် သောင်းနဲ့ချီရှိနေပြီး နေ့စဥ် အစားအစာနဲ့ သောက်ရေသန့်ကို အလှူရှင်တွေ နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စီစဥ်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
သံလွင်မြစ်ရေက လက်ရှိမှာ ဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၆ ပေကျော် ကျော်လွန်နေပြီး ၂၄ နာရီအတွင်းမှာ နောက်ထပ် နှစ်လက်မ လောက် တက်နိုင်ပြီး စိုးရိမ်ရေမှတ် အထက်မှာပဲဆက်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနမှ သတိပေးထုတ်ပြန်မှုအရသိရပါတယ်။
ဘားအံမှာ အရင်နှစ်တွေကဆိုရင် ရေကြီးမှုဖြစ်စဥ်က သုံးနှစ်လောက်ကြာမှ တကြိမ်သာရေကြီးမှုဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှာတော့ ၂၀၂၃ နှစ်ကလည်းရေကြီးခဲ့သလို ၂၀၂၄ ခုနှစ်တုန်းကလည်း ရေဆက်တိုက်ကြီးကာ ယခု ၂၀၂၅ မှာလည်း ရေကြီးမှုဒဏ်ကို ဆက်တိုက်ခံစားရတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကူညီရေးအသင်းဘားအံ/စောချစ်ဖောင်း