ရေနီမြောင်း ချိုဆိမ့် (၅)

ဆူးငှက်
ကျွန်တော် သည်နေရာဆီသို့ ဦးတည်ရခြင်းက လက်ဖက်ရည် ဆိုင်ကလေးတစ်ဆိုင်ဆီသို့ တစ်ခုတ်တရ လာခြင်းပင်ဖြစ်သည်။ ထိုနေရာ တွင် အလှဆင် ပလာစတာကြွေရည်သုတ် မျက်နှာကြက်မရှိ။ တစိမ့်စိမ့် အေးမြသည့် လေအေးစက်မရှိ၊ အလူမီနီယံဘောင်ကွပ် မှန်တံခါးတွေမရှိ၊ ကြွေပြားရောင်စုံကြမ်းခင်းမရှိ၊ ဖော်မိုက်ကာစားပွဲခုံမရှိ၊ သံမဏိခြေထောက် တပ် ခွေးခြေခုံလေးတွေမရှိ၊ လက်နောက်ပစ် ခေါင်းလေးငုံ့ကာ အသင့် အနေအထားဖြင့် ပေရပ်နေမည့် ယူနီဖောင်းဝတ် စားပွဲထိုးလည်း မရှိ။
အီနောက်နောက် ဒင်းမ်ဆမ်းစားသောက်ဖွယ်ရာလည်း မရှိ။ တိုးညင်းသက်သာ တေးသံစုံလည်း မရှိ။ ပိုက်ဆံပေးပြီး ကိုယ့် ဘာသာ ဖျော်သောက်ရမည့် စုံစီနဖာပစ္စည်းကိရိယာတွေလည်း မရှိ။
ထို့အတူ ထိုနေရာသည် ပလတ်စတစ်ပိန့်ဆေးဖြူသုတ် အဆောက် အအုံမရှိ၊ စားပွဲပုနှင့် ခွေးခြေခုံဆင်တူတွေမရှိ၊ တဝေါဝေါ ဆူညံကာ အုန်းအုန်းကြွက်ကြွက် စည်ကားလှပြီး တိုးဝှေ့ထိုင်ရသော ပရိသတ်မရှိ၊ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင်ဖွင့်ထားသော ကက်ဆက်သံမရှိ (သို့မဟုတ်) အသံတင်ထားသည့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံး တယ်လီ ဗေးရှင်းမရှိ၊ ဇွန်းတပ်ထားသော လက်တစ်ဆုပ်သာသာ လက်ဖက်ရည်ခွက် မရှိ၊ ကြက်သားနိုင်ချင်း (သို့မဟုတ်) ဝက်အဆီ အခေါက်နိုင်းချင်း၊ ဆီ နိုင်းချင်းနှင့် တန်ဖိုးကြီး စားသောက်ဖွယ်ရာများမရှိ။
အောင်ပင်လယ်ကန်ပေါင်ရိုး လမ်းမြင့်ကြီးမှ ကုက္ကိုပင်ကြီး တစ်ပင်အောက် မြေလှေကားထစ်လေးတွေအတိုင်းဆင်းကာ ဗေဒါတွေ၊ ကြာပင်တွေ ပြည့်နေသော မြောင်းကလေးကို သစ်သားတံတားလေးဖြင့် ကူးဖြတ် ရမည်။ ပန်းပင်မျိုးစုံဖြင့် ခြံစည်းရိုးဖွဲ့ထားသည့် အိမ်ဝင်းကလေးထဲ ဝင်ရ မည်။ (အိမ်ဝင်းလေးထဲမဝင်ခင် မြောင်းလေးဘေး ဝင်းကလေး မြောက်ဘက်ထိပ်မှာ အကြော်နှင့် မုန့်ပစ်သလက်ဆိုင်လေးလည်း ရှိပါသည်) အိမ်ဝင်းကလေးထဲရောက်တော့ သစ်ခွပင်လေးတွေ ကပ်ထားသော တွဲရွဲ ချိတ်ထားသော သစ်ပင်ကြီးတစ်ပင်အောက်မှာ သစ်သားကုလားထိုင်နှင့် စားပွဲအစုံ နှစ်လုံး သုံးလုံးလောက်လည်းရှိမည်။ ရသေ့ကျောင်းခုံရှည်ကြီးနှင့် ကျယ်ကျယ်လွင့်လွင့် တိုင်နိုင်သော စားပွဲလည်းရှိမည်။ ထို့ပြင် မြောက်ဘက် ပန်းရုံနံဘေးက ဝါးကွပ်ပျစ်ကြီးပေါ်မှာ အားပါးတရ တင်ပျဉ်ခွေထိုင်နိုင် သည့် စားပွဲဝိုင်းလေး သုံးလုံးလောက်လည်း ရှိပါသည်။
ထိုလက်ဖက်ရည်ဆိုင်လေးမှာ ကောက်ညင်းပေါင်းနှင့် အကြော် ပူပူနွေးနွေး ရတတ်ပါသည်။ စားတော်ပဲပြုတ်နှင့် ဆီမွှေးမွှေးလေး ဆမ်းထားသည့် ထမင်းဆီဆမ်းလည်း ရတတ်ပါသည်။ ငှက်ပျောသီးကြော်၊ စမူဆာကြော်နှင့်အတူ အီကြာကွေးပူပူလေးလည်း ရတတ်ပါသည်။ ဒေသထွက် နွားနို့ပူပူလေးရောပေါ့။ မိသားစုဝိုင်းဖွဲ့လုပ်ကိုင်ကြသည့် လက်ဖက်ရည်ဆိုင်လေးမို့ ဆိုင်ရှင်အမျိုးသမီးလေးက မနက်စောစောဆိုလျှင် တဘက် ဖြူကလေး ခေါင်းခြုံသိုင်းကာ လက်ဖက်ရည်ဖျော်ပေးပြီး သူ့ညီမ၊ သူ့တူမ တွေက လိုအပ်သည့် အစား အသောက်လေးတွေ ချပေးတတ်၏။ လာရောက်စားသောက်ကြသူတွေက ရပ်ထဲရွာထဲကချည်းမို့ ရပ်သတင်း၊ ရွာသတင်းတွေ ကြားရ တတ်သည်။ ဘုရားပွဲဇာတ်အကြောင်း၊ မြေဆီဈေး အကြောင်း၊ ဆွမ်းကြီးလောင်းပွဲ သံဃာပင့် လက်မှတ်အကြောင်း၊ ဆွေအကြောင်း မျိုးအကြောင်း…
ထိုဆိုင်ကလေးသို့ မနက်စောစောရောက်သွားလျှင် ကောက်ညင်း ပေါင်းတစ်ပွဲ၊ အကြော် သုံးခု၊ လက်ဖက်ရည်တစ်ခွက်ဆိုလျှင် တစ်မနက်စာ ဖူလုံသွားပြီ။ ဘာကျမှာလဲ ခြောက်ဆယ်ကျော်ခုနစ်ဆယ်နီးပါးပေါ့။ ဆီချက် ခေါက်ဆွဲတစ်ပွဲဖိုးမရှိ။ ကျယ်ပြန့်လွတ်လပ်မှု အေးဆေးငြိမ်သက်မှု “ရသ” က ဖောချင်းသောချင်းရနိုင်သည်။ ကျွန်တော်တို့ မသိမသာ ဆုံးရှုံးခဲ့ရသော လက်ဖက်ရည်ဆိုင်၏ ပွင့်လင်း လွတ်လပ်မှုကို သည်နေရာလေးမှာ အမှတ် မထင် ပြန်ရနိုင်ပါသည်။
တစ်ခါတစ်ရံ ဆိုင်ရှေ့မှ မုန့်ပစ်သလက်လေးတွေဝယ်ပြီး လက်ဖက်ရည်တစ်ခွက်နှင့်ဆိုတော့ ငွေသုံးဆယ်ကျော်နှင့် ဝလင် အဆင်ပြေသွားပါသည်။
တချို့ရက်များဆိုလျှင် လမ်းလျှောက်ကောင်းကောင်းနှင့် ထိုလက်ဖက်ရည်ဆိုင်ကလေးကိုကျော်ပြီး နန်းရှေ့ ၁၉ လမ်းဆုံအထိ လျှောက်၏။ ထိုနေရာမှာ စားသောက်စရာဆိုင်ကလေးတွေ အတော်စုံစုံရှိပါသည်။ သတ်သတ်လွတ် ရှမ်းခေါက်ဆွဲဆိုင်ရှိသည်။ အမြဲမပြတ် လူစည်ကားနေသည့် ဆိုင်ကလေးဖြစ်သည်။ ပုသိမ်ကြီး ရန်ကင်းတောင်ဘက်ဆီမှ မန္တလေး သိ့ အလုပ်လာကြသူတိုင်း ထိုဆိုင်ကလေးမှာ ဝင်ကြသည်။
ရေနီမြောင်းအရှေ့ဘက်မှာက မုန့်ပစ်သလက်ဆိုင်ကလေးရှိသည်။ သားအမိနှစ်ယောက် ရောင်းသောဆိုင်ကလေး။ မုန့်သား နူးနူးညံ့ညံ့နှင့် အပို အဆာပလာမပါ။ စားတော်ပဲကလေး နံနံပင်ကလေးနှင့်ပင် စားကောင်းလှ ပါသည်။ မနက်စောစောသွားပါမှ ရနိုင်၏။ ခုနစ်နာရီခွဲလောက်ဆိုလျှင်ပင် ကုန်ပါပြီ။ ဘက်ထရီမီးလုံးကလေးနှင့် မနက် (၄) နာရီ တုံးမောင်းခေါက်ကတည်းက စထွက်သည့် ဆိုင်ကလေးဖြစ်ပါသည်။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW