အောက်တိုဘာ ၇ – ၂၀၂၆
SS (VOM)
လက်ရှိ ဈေးကွက်အတွင်း အိမ်သုံးဂက်စ် (LPG) တွေ ပြတ်လပ်နေပြီး ဈေးနှုန်း မြင့်တက်လာတယ်လို့ ဂက်စ်အရောင်းအဆိုင်တွေနဲ့ သုံးစွဲသူတွေက ပြောပါတယ်။
အိမ်သုံးဂက်စ်အသန့် ၄၈ ကီလိုဂရမ် တအိုးကို လက်ကားဈေး ကျပ် သုံးသိန်း၊ သုံးသိန်းတသောင်းခွဲ ဝန်းကျင်မှာ ရှိနေပြီး အရင်ကထက် ကျပ် ငါးသောင်း၊ ခြောက်သောင်းဝန်းကျင် ဈေးထပ်တက်လာတယ်လို့ အိမ်သုံးဂက်စ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“အရည်က လိုသလောက်မရဘူး။ ဆိုင်မှာ ပုံမှန် တလကို အလုံး ၁၀၀ လောက် ကုန်တယ်ဆိုရင် အခု ၅၀ ၊ ၆၀ လောက်ပဲရတယ်။ ကုမ္ပဏီတွေမှာကို ပစ္စည်းမရှိတာ။ ကိုယ်စားလှယ်တွေကို ခွဲတမ်းနဲ့ ပေးနေရတာ။ အဲဒါကြောင့် ဈေးကွက်ထဲ ဆိုင်တိုင်းလိုလိုမှာ ဂက်စ်ပြတ်သွားတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဂက်စ် တပိဿာဈေး ကျပ် တသောင်းခွဲအထိ ဈေးပေါက်နေပြီး ဘူးအသေး တဘူးကတော့ ကျပ် ၂၂၀၀ ဝန်းကျင်ရှိနေကာ အရောင်းဆိုင်တွေအနေနဲ့ ဈေးကွက်အတွင်း လိုအပ်သလောက် ရောင်းပေးနိုင်ခြင်း မရှိတော့ဘဲ ဖောက်သည်တွေကိုသာ ဦးစားပေး ရောင်းချနေရတယ်လို့ သူက ပြောပါတယ်။
“အခုလို ဖြစ်နေတာ နှစ်လလောက် ရှိသွားပြီ။ ဒီလထဲ ဈေးကွက်ထဲ ပိုပြီး ပစ္စည်းရှားလာတာ။ ဆိုင်ကြီးတွေမှာတောင် ထိန်းရောင်းနေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ လက်လီဆိုင်တချို့ဆို အရောင်းပိတ်ထားရတယ်” လို့ သူက ပြောပါတယ်။
လျှပ်စစ်မီးကို ခွဲတမ်းနဲ့ ရရှိနေတဲ့ မြန်မာနိုင်ငံမှာ မီးလာချိန်ထက် ပျက်ချိန် ပိုများနေတာကြောင့် နေအိမ်နဲ့ စားသောက်ဆိုင်တွေမှာ ဂက်စ်အိုးတွေကို အသုံးပြုမှု ပိုမို များပြားလာပြီး လက်ရှိမှာ LPG ဂက်စ်တွေ ဈေးတက်လာတဲ့အတွက် စရိတ်စက ပိုကုန်နေရတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။
“ဒီနေ့ ဂက်စ်သွားဝယ်တာ။ တဆိုင်မှ မရခဲ့ဘူး။ မနေ့က ဖြည့်ထားတဲ့ ဂက်စ်ကလည်း အရည်အသွေး မမီတာတွေလား မသိဘူး။ နှစ်မိနစ်လောက်နဲ့ ပြန်ပြန်ပြီး မီးပိတ်သွားတယ်။
လျှပ်စစ်မီးကလည်း မလာတဲ့အချိန်ဆိုတော့ ချက်ဖို့ပြုတ်ဖို့က မူလလက်ဟောင်း မီးသွေးပဲပေါ့။ မီးသွေးကလည်း တပိဿာကို အရင် ၂၄၀၀ ကနေ အခု ၃၀၀၀ ဈေး ဖြစ်နေပြီ။ ဘယ်ပစ္စည်းမဆို ဈေးမတက်တာ မရှိဘူး။ ပြည်သူတွေမှာလည်း အတော်လေးကို စရိတ်ထောင်းနေကြပြီ” လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။
စက်တင်ဘာလအတွင်း စျေးကွက်ထဲမှာ LPG သဘာဝ ဓာတ်ငွေ့ရည် မလုံလောက်တဲ့ အခြေအနေကို ခက်ခက် ခဲခဲ ရင်ဆိုင်ခဲ့ရသလို အောက်တိုဘာ လဆန်းပိုင်းအထိ ဆက်လက် ပြတ်လပ်နိုင်တယ်လို့ ပင်လယ်ရေကြောင်းကနေ သင်္ဘောနဲ့ ဂက်စ်တင်သွင်းပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေတဲ့ Lucky Gas လုပ်ငန်းစုက အသိပေးထားပါတယ်။
လက်ရှိကာလအတွင်း အရှေ့အလယ်ပိုင်းဒေသရဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေနဲ့ နိုင်ငံတကာ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းတွေအပေါ် သက်ရောက်မှုတွေကြောင့် အာရှဒေသတချို့နဲ့ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ လောင်စာဆီနဲ့ LPG Supply အခြေအနေတွေ ဆက်လက် တင်းကျပ် ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
LuckyGas ကို အဓိက ထောက်ပံ့ပေးလျက်ရှိတဲ့ No.1 Gas EFF ရဲ့ ဂက်စ်သင်္ဘောဟာ အောက်တိုဘာ ၅ ရက်နေ့မှာ ဆိပ်ကမ်းကို ရောက်ရှိခဲ့ပေမယ့် လက်တလောမှာတော့ စျေးကွက်လိုအပ်ချက် ပြည့်မီလောက်တဲ့အထိ ဖြည့်ဆည်းပေးနိုင်ဦးမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။
“အခုက လျှပ်စစ်မီးက အလှည့်ကျ ဖြစ်နေပြီ။ နောက်ပိုင်း ဂက်စ် လိုအပ်ချက် ပိုဖြစ်လာနိုင်တယ်။ အခုလို ဆိုင်တွေမှာ တဆိုင်မှာ ဝယ်မရတာမျိုး ရေရှည်ဖြစ်နေမယ်၊ ဈေးတက်နေဦးမယ်ဆိုရင် ကုန်ကျစရိတ်တွေ ပိုကြီးလာနိုင်တယ်” လို့ စားသောက်ဆိုင် ဖွင့်လှစ်ထားသူက ပြောပါတယ်။
ပြည်တွင်းမှာ အသုံးပြုနေတဲ့ အိမ်သုံး၊ မီးဖိုချောင်သုံး၊ လုပ်ငန်းသုံး ဂက်စ်တွေကို ပင်လယ်ရေကြောင်းမှတဆင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသလို နယ်စပ်လမ်းကြောင်းကနေတဆင့် ထိုင်းနိုင်ငံမှလည်း တင်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံပိုင်စက်ရုံတွေမှ ပြည်တွင်း လိုအပ်ချက်အတွက် ဂက်စ်ထုတ်လုပ် ဖြန့်ဖြူးနေပေမယ့်လည်း လုံလောက်မှု မရှိတာကြောင့် ပြည်ပနိုင်ငံတွေကနေ လစဉ် ဂက်စ်တန်ချိန် တသောင်းနှစ်ထောင်ခန့် တင်သွင်းနေရတယ်လို့ သိရပါတယ်။
Photo – VOM
