မြန်မာပလာဇာမှာ အမျိုးသမီးတယောက် ဓားထိုးခံရလို့ သေဆုံး

သြဂုတ် ၆၊၂၀၂၅
GG (VOM)
ရန်ကုန်၊ ရန်ကင်းမြို့နယ်မှာဖွင့်ထားတဲ့ (Myanmar Palaza )မြန်မာပလာဇာ ရဲ့ကားပါကင်မှာ ဩဂုတ် ၅ ရက်နေ့ ညနေပိုင်းက အမျိုးသမီးတယောက် ဓားနဲ့ထိုးသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
” ဟုတ်တယ်။မနေ့က ကားပါကင်ဘက်မှာရဲတွေလာတယ်။ရဲတွေရောက်ချိန် အပြင်ပေးမထွက်လို့စောင့်ခဲ့ရသေးတယ်။ ကျွန်တော်တို့တော့ လူမမြင်လိုက်ရဘူး။သွေးကွက်ပဲတွေ့လိုက်ရတယ်။ကားပါကင်က မီးအလင်းရောင်လည်းကောင်းကောင်းမရဘူး။မှောင်နေတော့ လုပ်တဲ့သူကအမှောင်ခိုလုပ်တယ်ထင်ပါတယ်။နောက်ပြီး လူပဲသတ်သွားတာ ဘာပစ္စည်းမှယူမသွားဘူးဆိုတော့ အငြိုးအတေးတခုခုရှိလို့လား တော့ သေချာမသိဘူး။” လို့ မြန်မာပလာဇာမှာ စျေးဝယ်ခဲ့သူတယောက်က ပြောပါတယ်။
ဩဂုတ် ၅ ရက်နေ့ ညနေပိုင်း ၅ နာရီ ၂၀ မိနစ်လောက်မှာ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတယောက်ဖြစ်ပြီး လူသတ်မှုကျူးလွန်သူက အမျိုးသားနှစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသမီးက ဓားနဲ့ထိုးခံရပြီးနောက်မှာ ဆေးကုသဖို့အတွက် ဆေးရုံကိုအရေးပေါ် ခေါ်ဆောင်သွားခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကနေ သွေးထွက်များပြီး လမ်းမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တယောက်က လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။
“အမျိုးသား နှစ်ဦးမှဓားနဲ့လုပ်ကြံ သတ်ခံရတဲ့အတွက် သွေးထွက်လွန်ကာ ဆေးရုံမရောက်ခင် လမ်းမှာပဲ ကွယ်လွန်သွားပါကြောင်း ညိုးငယ်စွာ အသိပေးအပ်ပါတယ် ။” ဆိုပြီး မိသားစုဝင်တယောက်ကအသိပေးခဲ့တာပါ။
မြန်မာပလာဇာက ရန်ကုန်မြို့ရဲ့ နာမည်ကြီး ကုန်တိုက်ဖြစ်ပြီး နာမည်ကြီး ဘရန်းအမှတ်တံဆိပ်ဆိုင်တွေများစွာဖွင့်လှစ်ထားသလို ၊ bar တွေ ၊ လည်းရှိပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေ စတဲ့ လုပ်ငန်းတွေရှိသလို 5 star ဖိုက်စတားအဆင့်ရှိ Melia Hotel ကြီးလည်းရှိပါတယ်။
အခုလို လုံခြုံရေးဝန်ထမ်းတွေလည်းရှိတဲ့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး မြန်မာပလာဇာမှာ လူသတ်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နေပြည်သူတွေကတော့ အများပြည်သူ လုံခြုံရေးခြိမ်းခြောက်ခံနေရပြီဆိုပြီး ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
” မြန်မာပလာဇာလို့ လူလည်းမပြတ်ဘူး၊ လုံခြုံရေးလည်းရှိတယ်၊ပလာဇာကနေ ထွက်ရင်လည်း ကားလမ်းမကြီးပဲရှိတယ်။အဲဒီနေရာကလည်းအမြဲကားပိတ်တယ်။ဒါကို လူသတ်မှုဖြစ်တာ ကျွန်တော်တို့ပြည်သူတွေဘယ်မှာလုံခြုံမှုရှိတော့လို့လဲ။ပြောသာပြောရတာပဲ ခုက အိမ်ထဲနေတောင်ဝင်အသတ်ခံနေရတာမျိုးဆိုတော့လည်း။ဒါပေမယ့်လည်းအခုကတော့ လူမပြတ်တဲ့နေရာ၊ လုံခြုံရေးရှိ ၊ CCTV ရှိ တာကိုလုပ်သွားတာဆိုတော့ လုံခြုံရေးကတော်တော်ကို မရှိတော့ဘူး။တရားခံကို ကားလမ်းကြောင်းနဲ့ CCTV ကြည့်ရင် မိကိုမိရမယ့်အခြေအနေပါ။CCTV ကမီးမှောင်နေတယ်လို့ တော့ကြားတာပဲ။” လို့ ပြည်သူတယောက်ကမှတ်ချက်ပြုပြောပါတယ်။
ဓားထိုးမှုဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့ပြီးကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW