ရှင်ကျန်း‌ဒေသမှာ ကြိုးတံတားပြတ်ကျလို့ ငါးယောက်သေပြီး ၂၄ ယောက် ဒဏ်ရာရ

ပေကျင်း၊ ဩဂုတ်-၇-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ ချောင်ဆူခရိုင်ရှိ ရှီယာတာ ခရီးသွား‌ဒေသမှာ ကြိုးတံတားတစင်းရဲ့ ချိတ်ဆက်ကြိုးပြတ်ကျတာကြောင့် လူငါးယောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမတော်တဆမှုဟာ ဩဂုတ် ၆ ရက်နေ့က Ili Kazakh ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအတွင်းရှိ ရှီယာတာ ခရီးသွား‌ဒေသမှာ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာဟာ သဘာဝရှုခင်းများကြောင့် ကျော်ကြားတဲ့ ခရီးသွားနေရာတခု ဖြစ်ပါတယ်။
ညနေ ၆ နာရီခန့်တွင် တံတားချိတ်ဆက်ကြိုး ရုတ်တရက်ပြတ်ကျပြီး တံတားတိမ်းစောင်းကာ လူ ၂၉ ယောက် ပြုတ်ကျခဲ့တာကြောင့် လူ ၂၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး နှစ်ယောက်ကတော့ အခြေအနေဆိုးလို့ ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တံတားတဖက်စောင်းသွားချိန် ကြိုးတံတားပေါ်မှာ လူတွေ ကျန်ရစ်နေသေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့တွေဟာ တံတားပေါ်ကနေ လွတ်မြောက်ဖို့ တွယ်ကပ်သွားလာနေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။ ဒီတံတားဟာ ၂၀၂၄ ခုနှစ်ကလည်း အလားတူဖြစ်စဉ်တခု ကြုံတွေ့ခဲ့ဖူးကြောင်း သိရပါတယ်။
အခင်းဖြစ်နေချိန်မှာ ခရီးသွားအဖွဲ့တဖွဲ့ကို ဦးဆောင်နေတဲ့ ရှင်ကျန်း‌ဒေသ ဧည့်လမ်းညွန်ကတော့ သူတို့အဖွဲ့ထဲမှာ ရေတပ်စစ်သားတယောက် ပါဝင်ပြီး သူက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသအာဏာပိုင်တွေဟာ ဘေးကင်းရေးစစ်ဆေးမှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ခရီးသွားဇုန်ကို ယာယီပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို နောက်ပိုင်းမှာ ကြေညာမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref:AFP
Photo: Douyin/jingshoujing

Related posts

Leave a Comment

VOM News

FREE
VIEW