ဩဂုတ် ၇၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့နယ် နေရာတချို့မှာ မိုးဆက်တိုက်ရွာလို့ ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ကစ ဒီနေ့ မနက်ပိုင်းအထိ ရေကြီးပြီး စိုက်ခင်း ဧကရာချီရေမြုပ်ကာ လူ မျောပါသေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နောင်ကွမ် ချောင်းထဲ လူတယောက် သေတယ်တဲ့။ ရွာလူကြီးက ပုံဝိုး စစ်ဘေးရှောင်ထဲက ဟုတ်မဟုတ် လူလိုက်စစ်နေတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ရေကာတာဆောက်ထားတဲ့ ချောင်း၊ မြောင်းဘေး တလျှောက်က အိမ်တွေ ရေဝင်၊ အုတ်တံတိုင်းပြိုတာတွေရှိတယ်လို့ သူက ပြောပါတယ်။
“ချောင်းနား တလျှောက်တွေ အကုန် ရေ တက်တယ်။ စိုက်ခင်းတွေ မြုပ်တယ်။ ပုံဝိုးရွာနဲ့ နောင်ကွမ်ရွာ၊ ဗူးခါးရွာ၊ နေရာအနှံ့ပဲ။ ရေမြုပ်တဲ့ စိုက်ခင်း အားလုံးဆို ဧက ရာချီ ရှိမယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က တနေ ကုန်မိုးသည်းပြီး နောင်ပိန်မှာ ကန်လျှံ ရေကြီးခဲ့ကာ ဒီနေ့တော့ မိုးသိပ် မသည်း တော့ပေမယ့် မိုးက မတိတ်ဘူးလို့ သူက ပြောပါတယ်။
ယမနေ့ ဩဂုတ်လ ၆ ရက်နေ့က ရေကြီးမှုကြောင့် အထက်ရဲရွာရေအားလျှပ်စစ် သွားလမ်း နမ်းဟူးရွာဘက် အမျိုးသား တယောက် ရေနဲ့အတူ မျှောပါသေဆုံးခဲ့ကြောင်း နောင်ပိန် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း က သတင်းဖော်ပြထားပါတယ်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ရေကြီးမှုကြောင့် နောင်ပိန် အမှတ် ၅ ရပ်ကွက်၊ ရွှေလမင်းဆီဆိုင်ရှေ့က လမ်းမကြီးမှာ ရေကျော်နေချိန် ဖြတ်မောင်းလာတဲ့ ဟွန်ဒါဖစ် ကားတစီးနဲ့ ခြောက်ဘီးကားတစီး၊ ယာဉ်ပေါ်ပါ လူနှစ်ေယာက် ရေနဲ့ မျှောပါသွားပြီး ညနေပိုင်းမှာ မျှောပါသွားတဲ့ ဟွန်ဒါဖစ်တစီး၊ ခြောက်ဘီးကားတစီးနဲ့ လူတေယာက် အသက်ရှင်လျက် ရွာမကြီး အနီးဘက် ပြန်လည်တွေ့ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ကျောက်မဲမြို့နယ်၊ ကျောက်မဲမြို့ရဲ့ တောင်ဘက် မိုင် ၂ဝ ခန့် အကွာ တောင်ခြေရွာအနီး မှာတော့ သဘာဝဘေးအန္တရာယ် ကြုံလာနိုင်လို့ ဒေသခံတွေ အစိုးရ အဆက်ဆက် ကန့်ကွက်လာတဲ့ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်အကောင် အထည်ဖော် နေတဲ့ အထက်ရဲ ရွာ ရေအား လျှပ်စစ် စီမံကိန်းလည်း ရှိနေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ