ဩဂုတ် ၁၄ – ၂၀၂၅
SN (VOM)
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းက ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင်မှာ ဒီကနေ့ ဩဂုတ် ၁၄ ရက်၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံမှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လုံခြုံရေး ဝန်ထမ်းတယောက် ဓားဒဏ်ရာ ရရှိခဲ့ကာ ဓားပြတယောက်ကို သေနတ်တလက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
“ဓားပြတွေက ဘယ် နှစ်ယောက်လဲတော့ အတိအကျ မသိဘူး။ ကား၊ ဆိုင်ကယ်တွေနဲ့ ရောက်လာလို့တော့ သိရတယ်။ အဲဒီလမ်းက လူအရမ်းစည်တယ်။ တကယ့် လူစည်ကားတဲ့ နေရာမှာမှ ဓားပြလာတိုက်တာ။ ဆိုင်မှာ လုံခြုံရေးတွေလည်း များတယ်။ ရဲကားတွေလည်း ချက်ချင်း ရောက်လာတာ။ ဓားပြတယောက်ကို သေနတ်တလက်နဲ့ ဖမ်းမိတယ်။ ကျန်တဲ့သူတွေကတော့ လွတ်သွားတယ်။ ပစ္စည်းတွေတော့ ပါမသွားဘူးလို့ ပြောတယ်” လို့ အဆိုပါ ဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
အခုလို ဓားပြတိုက်ခံရမှုနဲ့ ပတ်သက်လို့ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို VOM က ဆက်သွယ် မေးမြန်းခဲ့တာမှာ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အကြောင်းစုံ မသိရသေးတဲ့အတွက် နောက်မှသာ ပြန်လည် ဖြေကြားပေးနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိကာလမှာ ရွှေဆိုင် ဓားပြတိုက်ခံရမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားက တိတ်ရှိန်ရွှေဆိုင်မှာ ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိတ်ရှိန်ရွှေဆိုင်ကို Mask တပ်ထားတဲ့ အမျိုးသား လေးယောက်က သေနတ်နဲ့ ခြိမ်းခြောက်၊ ဓားပြတိုက်ခဲ့တာလို့ သိရပြီး အဆိုပါ ဖြစ်စဉ်မှာ ရွှေ ၂၀ ကျပ်သားခန့် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ လမ်း (၃၀) အလယ်ဘလောက်၊ ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူရွှေဆိုင်ကို အမျိုးသား ၃ ယောက်က ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်း သိန်းတသောင်းကျော်ဖိုး ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
