ဩဂုတ် ၂၂ ၊ ၂၀၂၅
GG (VOM)
ပြည်ပရောက် မြန်မာနိုင်ငံသား လေးသောင်း ဝန်းကျင်ရဲ့ လစဥ်မိသားစုငွေလွှဲပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၃၅၉ ခုကို ဩဂုတ် ၂၅ ရက်နေ့ကစပြီး နေပြည်တော်မှာခေါ်ယူစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့မှစပြီး တရက်ကို အေဂျင်စီ ၁၀ ခုကို ခေါ်ယူစစ်ဆေးမှာဖြစ်ကြောင်း ကနဦးသိရပါတယ်။
ခေါ်ယူစစ်ဆေးခံရမယ့် အေဂျင်စီ ၃၅၉ ခုရှိပြီး အေဂျင်စီတွေကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်း အလုပ်သမား ၃၉၃၅၃ ယောက်ကို စေလွှတ်ခဲ့တာ ဖြစ်ကြောင်း ခေါ်ယူစစ်ဆေးချိန်မှာ မိသားစုငွေလွှဲပို့အထောက်အထားအပြည့်အစုံတင်ပြနိုင်ခြင်းမရှိပါက အရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်။
” တနေ့ကို အေဂျင်စီ၁၀ခုကိုစစ်မယ်။မနက်တကြိမ် ၊နေ့ခင်းတကြိမ်လို့ တော့သိရတယ်။မိသားစုငွေလွှဲအထောက်အထားနဲ့ပတ်သက်လို့ ကိုယ့်ဘက်က စာရွက်စာတမ်း အပြည့်အစုံတင်ပြရတယ်။မတင်ပြနိုင်ရင်လည်း ဘာကြောင့်ဆိုတာကို တင်ပြရတယ်။သတ်မှတ်ကာလအတွင်း ငွေလွှဲအထောက်အထားမပြနိုင်ရင်တော့ အရေးယူမှုခံရနိုင်ပါတယ်။အဲဒီလိုတွေကြောင့် အေဂျင်စီတွေမှာအခက်တွေ့နေတာ။ကလေးတွေကဟိုဘက်ရောက်သွားတော့ ကိုယ်ပြောတာလည်းနားထောင်ချင်မှနားထောင်တာ။သူ့လုပ်အားခ သူတို့ပိုချင်မှပို့မယ်ဆိုတာမျိုးတွေလည်းရှိတော့ လုပ်ရကိုင်ရခက်တယ်။” လို့ အေဂျင်စီလုပ်ကိုင်သူ တယောက်ကပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက်မြန်မာ လုပ်သမား တွေကို မိမိရောက်ရှိတဲ့ နိုင်ငံ အလိုက် ရရှိတဲ့ အခြေခံ လုပ်ခလစာ ရဲ့ ၂၅ ရာခိုင်နှုန်း ကို လစဥ် ဒါမှမဟုတ် သုံးလတကြိမ် မြန်မာနိုင်ငံမှာရှိတဲ့မိသားစုဆီကို ဘဏ်ကတဆင့် ငွေလွှဲဖို့သတ်မှတ်ထားတာဖြစ်ပြီး ပြည်ပရောက်မြန်မာလုပ်သားတွေ မိသားစုထံ ငွေပြန်လွှဲတဲ့အထောက်အထားကို အေဂျင်စီဆီ ပေးပို့ကာ အေဂျင်ဆီကမှ ဝန်ကြီးဌာနကို ပြန်လည်တင်ပြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
ဒါကြောင့်လက်ရှိမှာ အေဂျင်စီတွေအနေနဲ့ အလုပ်သမားက မိသားစုဆီငွေပြန်လွှဲရေးအတွက်ပါ တာဝန်ယူထားရပြီး မိသားစုငွေလွှဲကြောင်းအထောက်အထားကို ဝန်ကြီးဌာနဆီ သတ်မှတ်ကာလအတွင်း တင်ပြရကြောင်း ၊ မိသားစုငွေလွှဲ အထောက်အထား မတင်ပြနိုင်ပါက အရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်။
” ကျွန်တော်တို့အလုပ်က အလုပ်သမားအဆင်ပြေစွာရောက်ရေးနဲ့ အလုပ်အကိုင်မှန်ဖို့ပဲလေ။ဟိုရောက်လို့ မတရားဖိနှိပ်ခံရရင်ဖြေရှင်းပေးရမယ်။လုပ်ခလစာမရရင်ဖြေရှင်းပေးရမယ်လေ။သူ့မိသားစုဆီငွေပြန်လွဲဲခြင်းမလွှဲခြင်းက ကျွန်တော်တို့အေဂျင်စီနဲ့မသက်ဆိုင်ဘူးမလား။အေဂျင်စီတွေလည်း အကြပ်ရိုက်နေပါတယ်။အကုန်လိုက်ပြီးလုပ်နေရတဲ့သဘောရှိတယ်။တော်သေးတာက ခုနောက်ပိုင်းတော့ငွေလွှဲလာကြပါတယ်။ ” လို့လိုင်စင်ရ အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတယောက်ကပြောပါတယ်။
မိသားစုငွေလွှဲအထောက်အထားကို မတင်ပြနိုင်တဲ့ အေဂျင်စီတွေကိုတော့ ဒဏ်ကြေးငွေနှစ်ဆ ကောက်ခံတဲ့အပြင် အလုပ်သစ်ခေါ်စာတင်ပြခွင့်တွေ ဆိုင်းငံ့ခံရမှာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့လည်း ငွေလွှဲစျေးနူန်း ကွာခြားမှုနည်းပါက တရားဝင်လမ်းကြောင်းကနေသာ မိသားစုဆီ ငွေလွှဲပေးပို့စေလိုကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
“ပြည်ပနိုင်ငံမှာ တရားဝင်လုပ်ကိုင်တယ်ဆိုမိသားစုပြန်ပို့ငွေကလွှဲရမှာပေါ့။ အမှန်ကရိုးရိုးရှင်းရှင်းပဲစဥ်းစားကြည့် အကိုက ဘယ်ဘက်ကမှလိုက်ပြောတာမဟုတ်ဘူး။ ပြည်ပနိုင်ငံကို ရောက်နေတယ်ဆိုရင်ကိုယ့်နိုင်ငံမိသားစုကို ငွေလွှဲကိုလွှဲမှာပဲ။အဲဒီလွှဲတဲ့လမ်းကြောင်းကိုပဲတရားဝင်ဖြစ်ဖို့လုပ်တာပေါ့။အမှန်မှာတော့ ၂၅ ရာခိုင်နူန်း လွှဲတာတင်မဟုတ်ဘူး။ကိုယ်တကယ်လွှဲမယ်ဆိုရင် တရာရာခိုင်နူန်းကို တရားဝင်လမ်းကြောင်းကနေလွှဲသင့်တာပေါ့။တခုတော့ရှိတယ်။အားနည်းချက်အားသာချက်က တရားဝင်လွှဲရင် ပြင်ပ rate ကစျေးများတာလားပေါ့ ။ပိုပြီးတော့စျေးကောင်းကောင်းရတာလားပေါ့။စျေးနူန်းအတူတူပဲဆိုရင်တရားဝင်လမ်းကြောင်းကပဲလွှဲသင့်တာပေါ့။တကယ်လို့စျေးနူန်းလေးမသိမသာလေးကွာတယ်ဆိုရင်တောင်တရားဝင်လမ်းကြောင်းကလွှဲသင့်တာပေါ့။ ပထမတုန်းက အေဂျင်စီတွေက ကိုယ့်ရဲ့တာဝန်မဟုတ်ဘူး။လုံခြုံစိတ်ချရတဲ့နေရာကိုပို့ပြီးသွားပြီ။မိသားစုငွေလွှဲကတော့ကာယကံရှင်နဲ့ပဲသက်ဆိုင်တယ်ထင်တာပေါ့။နောက်ကျ အစိုးရကကျတော့ မိမိစေလွှတ်လိုက်တဲ့အလုပ်သမားကို ကွန်တက်လုပ်ပြီး ငွေလွှဲဖို့တိုက်တွန်းပါလုပ်ရင်းနဲ့အေဂျင်စီရဲ့တာဝန်လိုဖြစ်လာတာပေါ့။” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၇ ရက်အတွင်းတုန်းကလည်း အလုပ်သမား ၅၀၀၀၀ ကျော်ပြည်ပကိုစေလွှတ်ခဲ့တဲ့ အေဂျင်စီ ၄၂၉ ခုကို အလုပ်သမားတွေ မိသားစုလွှဲပို့ငွေ အထောက်အထားကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိအထိတော့ မိသားစုငွေလွှဲပို့ကြောင်းအထောက်အထား တင်ပြရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အရေးယူခံရတဲ့အေဂျင်စီတွေမရှိသေးဘူးလို့သိရပါတယ်။
