ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု သတင်းထောက်ငါးယောက်အပါအဝင် လူ ၂၀ သေဆုံး

ဂါဇာစီးတီး၊ ဩဂုတ်-၂၆-၂၀၂၅
ရတီ(VOM)
ဂါဇာမြောက်ပိုင်း ခန်းယွန်နစ်မြို့ရှိ နက်ဆာဆေးရုံကို အစ္စရေးစစ်တပ်ရဲ့ နှစ်ကြိမ်တိုက်ခိုက်မှုအတွင်း နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်းထောက်ငါးယောက်အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးခဲ့သော သတင်းထောက်တွေဟာ Reuters၊ AP၊ Al Jazeera နဲ့ Middle East Eye ကဲ့သို့သော နိုင်ငံတကာသတင်းမီဒီယာတွေက ဖြစ်ပြီး သက်ဆိုင်ရာမီဒီယာအဖွဲ့အစည်းတွေက အတည်ပြုခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ကျန်းမာရေးဝန်ထမ်း လေးယောက်လည်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ပထမအကြိမ် တိုက်ခိုက်မှုခံရမှုကြောင့် ထိခိုက်သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာချိန်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒါဟာ ဝမ်းနည်းဖွယ်ရာ မတော်တဆမှုဖြစ်ပြီး စစ်တပ်က စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဂါဇာမှာ သတင်းထောက်မျအရေအတွက်မှာ ၂၀၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။ ဂါဇာစစ်ပွဲဟာ မှတ်တမ်းများအရ သတင်းထောက်သေဆုံးမှု အများဆုံးဖြစ်ပါတယ်။
ဂါဇာစစ်ပွဲနှစ်နှစ်အတွင်း သေဆုံးတဲ့သတင်းထောက်အရေအတွက်ဟာ ယခင်သုံးနှစ်အတွင်း ကမ္ဘာတဝန်မှာ သေဆုံးခဲ့တဲ့ သတင်းထောက်အရေအတွက်ထက်ကို ပိုမိုများပြားနေပါတယ်။
စစ်ပွဲစတင်ကတည်းက နိုင်ငံတကာ သတင်းထောက်တွေကို အစ္စရေးစစ်တပ်က ကန့်သတ်ထားပြီး ဂါဇာရှိ သတင်းအချက်အလက်အများစုအတွက် ဒေသတွင်းသတင်းထောက်တွေအပေါ် မှီခိုအားထားနေရပါတယ်။
Ref:BBC
Photo:Getty Images

Related posts

VOM News

FREE
VIEW