မြ၀တီ ချစ်ကြည်ရေးတံတား-၂ မှာ စစ်တပ်အင်အားတိုးမြှင့်ပြီးနောက် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်နေ

ဩဂုတ် ၂၆ ၊၂၀၂၅
GG (VOM)
ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို မြန်မာအစိုးရဘက်က ကုန်သွယ်ခွင့်ပိတ်လိုက်ပြီးနောက်မှာ တံတားကို စစ်တပ်က လုံခြုံရေးအင်းအားတိုးမြှင့်ချထားမှုရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ခုလို လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကို မြို့ခံအချို့က စိုးရိမ်မှုရှိနေတယ်လို့သိရပါတယ်။
” တံတားမှာက အရင်ထဲကလုံခြုံရေးချထားတဲ့ ရဲနဲ့စစ်တပ်ကရှိတယ်။အခုကတော့ စစ်သားအင်အားတော့ များလာတဲ့အခြေအနေရှိတယ်။အရင်နှစ် ပထမ တခါတုန်းကလည်း အဲဒီလိုတပ်စွဲပြီး တိုက်ပွဲဖြစ်တာပဲဆိုတော့ စိုးရိမ်ကြတာပေါ့။ခုထိတော့အခြေအနေက ထူးခြားတာမရှိပါဘူး။စစ်တပ်ကလည်းအပြင်ထွက်တာမရှိဘူး။အဲဒီမှာပဲ နေနေကြတာတွေ့ရတယ်။” လို့ မြို့ခံကပြောပါတယ်။
လက်ရှိမှာ ချစ်ကြည်ရေးတံတား အမှတ်၂ မှာ စစ်တပ်က လုံခြုံရေးအင်အားရာနဲ့ချီ တိုးမြှင့်ချထားမှုရှိကြောင်း ၊ မြို့ခံတွေကတော့ ထင်ကြေးအမျိုးမျိုးပေးပြီး ပြောဆိုမှုရှိနေ ပါတယ်။
” လုံခြုံရေးအဖွဲ့ကအရင်ထဲကရှိတယ်။အင်အားတော့အတိမကျမသိပေမယ့်များပါတယ်။အခုတံတားပိတ်ထားတော့ သူတို့ဘာသာ ခြံစည်းရုံးရှင်း သန့်ရှင်းရေးလုပ်ကြတာကို ပုံတွေရိုက်ပြီး တင်ကြတာမျိုးပါ။ မြေပြင်အခြေအနေက ဘာမှထူးခြားမှုမရှိပါဘူး။ကျွန်တော်တို့ကပုံမှန်လို့ပဲမြင်တယ်။ ” လို့ မြို့ခံနောက်တယောက်ကပြောပါတယ်။
လက်ရှိမှာတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို အသွားအလာသိပ်မရှိဘူးလို့သိရပါတယ်။
ပြီးခဲတဲ့ ၂၀၂၄ ခုနှစ် ဧပြီလတုန်းကလည်း ချစ်ကြည်ရေးတံတား အမှတ် ၂ ယာယီပိတ်ခဲ့ပြီးနောက် တံတား မှာလာရောက် တပ်စွဲထားပြီးနောက် စစ်တပ်နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
လက်ရှိ မြဝတီမှာတော့ ချစ်ကြည်ရေးတံတား အမှတ် ၂ ပိတ်လိုက်တဲ့ ဩဂုတ် ၁၈ ရက်နေ့ကစပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားတယ်လို့သိရပါတယ်။
ဓာတ်ပုံ – Cj

Related posts

Leave a Comment

VOM News

FREE
VIEW