ဆူးငှက်
ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ခရီးတချို့ထွက်ဖူးပါသည်။ အလွန်ပျော်စရာကောင်းပါ၏။ ခရီးအများစုမှာ ဒေါ်ဒေါ့်အိမ်ကကားနှင့် ဖြစ် သည်။ မှတ်မိသလောက် ထွက်ဖူးသော ခရီးအချို့မှာ အနီးအနားဆိုလျှင် ဝါးချက်ဆေးရုံ (၁ဝ)နှစ်မြောက်ပွဲ၊ အလ္လကပ္ပ ဝမ်းပြေရွာက ဒသမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြ ဆရာတော် ကမ္ပည်းမော်ကွန်း ကျောက်စာဗိမာန်ဖွင့်ပွဲ၊ ကျောက်ဆည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မစာကြည့်တိုက်ဖွင့်ပွဲ၊ ဆရာသိန်းဖေမြင့် အမှတ်တရအခမ်းအနား ဘုတလင်၊ ပန်းချီဆရာကြီး ဦးအောင်ခင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ချင်းတွင်း နတ်ကျွန်းအောင်မြေခရီး၊ ဆရာ လင်းယုန်မောင်မောင် မွေးနေ့ မုံရွာနှင့်ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက်ဖွင့်ပွဲတို့ဖြစ်သည်။ ဒေါ်ဒေါ်က စာပေခရီးဆိုလျှင် တစ်အုပ်တစ်မကြီး သွားရတာပျော်ပုံရသည်။
ကျွန်တော်လိုက်ဖြစ်ခဲ့သော ခရီးအများစုမှာ ဆရာညီပုလေး အထိန်းသိမ်းခံနေရစဉ် သွားရသောခရီးများမို့ ဒေါ်ဒေါ့်မှာ ကားရှိသော်လည်း ကားမောင်းပို့မည့်သူ ကသီလင်တရှိသည်။ အလ္လကပ္ပ ဝမ်းမြေ့သွားစဉ်က ကိုအော်ပီကျယ်မောင်းသည်ထင်ပါ့။ ဆရာညီပုလေး ပြန်လွတ်ချိန်ခရီးကတော့ ဆင်ဖြူကျွန်းအောင် ဗလစာကြည့်တိုက် ဖွင့်ပွဲဖြစ်သည်။
ချင်းတွင်းနှင့် ဘုတလင်
ဒေါ်ဒေါ်နှင့် သွားရသည့်ခရီးများတွင် ကျောက်ဆည်၊ ဘုတလင်နှင့် နတ်ကျွန်းအောင်မြေခရီးများ၌ ဒေါက်တာသန်းထွန်းလည်း ပါသည်။ ဘုတလင်မှာက ဒေါက်တာသန်းထွန်းအပြင် ဆရာတော်ကိုပညာ (အမရပူရ)နှင့်အတူ ဆရာကျော်ရင်မြင့်၊ ဒေါ်ဒေါ့် မြေး ဘိုဘိုလန်းစင်တို့လည်း ပါသည်။
ဘုတလင်ပွဲက ရန်ကုန်-မန္တလေး စာရေးဆရာ တော်တော်စုံပါ၏။ မနက်ပိုင်းဆွမ်းကပ် နှင့် အခမ်းအနားအပြီး ဘုတလင်က ဆရာသိန်းဖေမြင့်အိမ်မှာ နားနေစဉ် ဒေါ်ဒေါ်က “ဆူးငှက်ရေ. . . ၊ မင်းမိဘများဇာတိရွာက ဒီနားမှာမဟုတ်လား၊ တို့ ဒီလိုနားနေမယ့်အတူ သွားကြရအောင်လား”တဲ့။ ဒေါ်ဒေါ်က ဘယ်တုန်းကများ ကျွန်တော့်မိဘများ ဇာတိနေရာသိနေပါလိမ့်။ ဒေါ်ဒေါ်က ဤကဲ့သို့ ရင်းနှီးကျွမ်းဝင်အောင်နေသည်။
ကျွန်တော်က မိဘများဇာတိရွာသို့ မရောက်တာ(ထိုစဉ်က) ၁ဝ နှစ်နီးပါးမို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲဒေါ်ဒေါ်၊ ဒေါက်တာသန်းထွန်း၊ ကိုပညာ(အမရပူရ) အပါအဝင် ဆရာများကို ရွာသို့မခေါ်ဝံ့။ ထို့ကြောင့် “ဒေါ်ဒေါ်ရယ်၊ ဘုတလင်နဲ့ လှမ်းသေးတယ်ဗျ”ဟု မုသားသုံးလိုက်ရသည်။ တကယ်က ဘုတလင်အရှေ့ဘက်လေးမိုင်ခရီးပဲ ရှိပါ၏။ လမ်းကလည်း မဆိုးတဲ့။
နောက် အမှတ်တရခရီးတစ်ခုက နတ်ကျွန်းအောင်မြေ ဖြစ်သည်။ ဒေါက်တာသန်းထွန်းနှင့်အတူ ဆရာကြီးဦးအောင်ခင်၏ သမီးများဖြစ်သော ပန်းချီချိုချိုအောင်၊ ဖြူဖြူအောင် နှင့်မန္တလေးက ပန်းချီဆရာတွေလည်း ပါသည်။ ဒေါ်ဒေါ်နှင့်အတူ ဆရာကျော်ရင်မြင့်နှင့် ကျွန်တော်လိုက်ပါသည်။ မန္တလေးက မနက် စောစောထွက်ပြီး ညောင်ပင်ဝန်းရောက်မှ လက်ဖက်ရည်သောက်ကြသည်။
ဒေါ်ဒေါ်က ကျွန်တော်တို့လက်ဖက်ရည်သောက်နေစဉ် ညောင်ပင်ဝန်းဈေးထဲ ပတ်ပြီးဈေးဝယ်နေပြီ။
ခရီးထွက်တိုင်း ဒေါ်ဒေါ်က ရောက်သည့်နေရာမှာ ဈေးတွေကိုဝင်သည်။ ထွက်ကုန်သီးနှံတွေမေးသည်။ ရောင်းရေးဝယ်တာ လုပ်ငန်းကိုင်ငန်း စူးစမ်းသည်။ ဒေသထွက်သီးနှံ အစားအသောက်နှင့် ထွက်ကုန်တွေဝယ်ခြမ်းသည်။ အခုလည်း ညောင်ပင်ဝန်းဈေးထဲက ခရမ်းသီးအပါအဝင် လတ်လတ်ဆတ်ဆတ်သီးနှံတွေ၊ အသီးအရွက်တွေကို နပန်းခြင်း တစ်လုံးဝယ်ကာထည့်သည်။
“ဒီမှာ စောင်ချမ်းချဉ်အစစ်တွေရလို့ ဝယ်ခဲ့သေးတယ်။ ဖွေးပြီး ညွန့်နေတာပဲ။ လတ်လိုက်တာ”ဟု ပြောသည်။
မုံရွာရောက်တော့ ပါလာသည့်ကားကို ကမ်းနားညောင်တပင်လမ်းက အိမ်မှာထားခဲ့ပြီး ဘုတ်ချပ်ခေါ် မော်တော်လေးတစ်စင်း စင်းလုံးငှားကာ ချင်းတွင်းအတိုင်းစုန်ရသည်။
နွေအခါ ရေငယ်ချိန်မို့ နေပူပူမှာ ခရီးဖင့်လှသည်။ နတ်ကျွန်းအောင်မြေရွာကို ရောက်တော့ ဆွမ်းကပ်၊ ထမင်းစားသောက်ပြီး ဘုန်းကြီးကျောင်းပေါ်မှာပဲပန်းချီဆရာကြီး ဦးအောင်ခင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်နှင့် ကျောက်စာတိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပသည်။ ဒေါ်ဒေါ် နှင့်အတူ မိသားစုက အမှတ်တရစကားပြောကြပြီး ဆရာကြီးဒေါက်တာသန်းထွန်းက စာတမ်း ဖတ်သည်။
အပြန်က ကျနေတွင် အဆန်ခရီးမို့ တစ်ထိုင်လွတ်သာရှိသော မော်တော်လေးထဲမှာ တော်တော်ပင်ပန်းကြသည်။ မုံရွာရောက်တော့ ချက်ချင်းမပြန်နိုင်ကြ။ ညောင်တပင်လမ်းက တိုက်မှာ အအေးတွေ သောက်နားကြရင်း ဒေါ်ဒေါ်က တစ်ရေးတစ်မော အိပ်စက်အနားယူပြီးမှ ပြန်ကြရသည်။
အမှတ်တရ ဆင်ဖြူကျွန်း စလင်းခရီး
အမှတ်ရဆုံးခရီးကတော့ ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက် ဖွင့်ပွဲပေါ့။ ထိုဝန်းကျင်ကာလမှာပဲ ကျွန်တော်တို့စားပွဲသို့ စာတစ်စောင် ရောက်လာသည်။ ၁၉၉၃ ခုနှစ် ဩဂုတ်လမှာ ထိုစားပွဲသို့ ကျွန်တော် ရောက်ရှိခဲ့ပြီးနောက် ၁၉၉၅ ခုနှစ်ကျော်တော့ ဆရာညီစေမင်းလည်း အင်္ဂလိပ်စာတည်းတာဝန်ဖြင့် ထပ်မံရောက်ရှိလာသည်။ စာကိုအမေလူထုဒေါ်အမာက ယူလာပြီး “ဒီစာလေး မင်းတို့ ဖတ်ကြည့်ကြပါဦးကွယ်။ ဖတ်ကြည့်ပြီးတို့က ဘာများလုပ်ပေးနိုင်မလဲဆိုတာ အကြောင်းပြန်ပေးလိုက်ကြပါဦး”ဟု ဆိုသည်။
စာပါ အကြောင်းအရာက စလင်းမြို့ရှိရဟန်းကဗျာဆရာတစ်ဦးက သူ့ကျောင်းတွင်ကျင်းပမည့် ပညာရည်ချွန်ဆုပေးပွဲသို့ အမေ လူထုဒေါ်အမာနှင့်မန္တလေးက စာရေးဆရာများ လာရောက်စေချင်ကြောင်း ဖိတ်ကြားသည့်စာဖြစ်သည်။ ရဟန်းကဗျာဆရာက ကိုလမင်း (စလင်း)တဲ့။ ကျွန်တော်တို့ ထိုပွဲသို့ မသွားနိုင်ခဲ့ကြပါ။ သို့သော် လူချင်းမတွေ့ဆုံဖူးကြသော်လည်း နောက်ထပ် ကိုလမင်း (စလင်း)ထံက ကဗျာတွေ၊ စာတွေကျွန်တော်တို့ဆီ မကြာ မကြာ ရောက်လာသည်။ တစ်ခါတစ်ရံတယ်လီ ဖုန်းဆက်ဖြစ်သေး၏။ သူက စလင်းကို မန္တလေးသားတွေလာစေချင်သည့်ဆန္ဒကို စာတိုင်းမှာ လှစ်ဟထားသည်။
ဤသို့ဖြင့်လများမကြာမီမှာပင် အမေလူထုဒေါ်အမာနှင့် အတူနေ သားဖြစ်သူ ဆရာညီပုလေး၊ မိဘနှင့်နှစ်ကြာရှည်ခွဲခွာပြီး အိမ်ပြန် ရောက်လာသည်။ ဆရာညီပုလေး ပြန်ရောက်ပြီး မကြာခင်မှာပင် ယခင် လူထုသတင်းစာ၏ဆင်ဖြူကျွန်းသတင်းထောက်က ဆင်ဖြူကျွန်းတွင် အောင်ဗလစာကြည့်တိုက် ဖွင့်ပွဲသို့ အမေလူထုဒေါ်အမာကို ဖိတ်ကြားလေသောအခါ ပြန်ရောက်လာသော သားနှင့်အတူ စိတ်ပြေလက်ပျောက် ခရီးထွက်ရန် အမေလူထုဒေါ် အမာ အားတက်သရော ဖြစ်နေ၏။ ထို့ကြောင့် ကျွန်တော်တို့နှင့် အမေလူထုဒေါ်အမာ ခေါင်းချင်းဆိုင်ကြပြီးတစုတဝေး ခရီးထွက်ကြသည်။
ဆရာညီပုလေးလည်း ၁ဝ နှစ်ခန့်အထိန်းသိမ်းခံရကာ မန္တလေးပြန်ရောက်ပြီး ခရီးဖြစ်သည်။ အောင်ဗလစာကြည့်တိုက်ကို ဦးဆောင်ဖွင့်လှစ်သူက လူထုသတင်းထောက် တစ်ဦးဖြစ်ခဲ့ဖူးတာမို့သူ့ဖိတ်ကြားမှုကိုဒေါ်ဒေါ်က တလေးတစား တုံ့ပြန်သည့်ခရီးဖြစ်သည်။
စာရေးဆရာ ၁၁ ယောက် ဟောပြောပွဲ
စာကြည့်သင်းဖွင့်ပွဲအကြိုအဖြစ် ဆင်ဖြူကျွန်းရုပ်ရှင်ရုံကြီးထဲမှာ စာပေဟောပြောပွဲ ကျင်းပသည်။ ကျွန်တော့်အထင် မြန်မာပြည်မှာ ဟောပြောသူအများဆုံး စံချိန်တင်သည့်ပွဲကြီး ဖြစ်ပေလိမ့်မည်။ ဒေါ်ဒေါ် လူထုဒေါ်အမာ၊ ဆရာညီစေမင်း၊ ဆရာနေဝင်းမြင့်၊ ဆရာသိုက်ထွန်းသက်၊ ဆရာညိုထွန်းလူ၊ ဆရာကျော်ရင် မြင့်၊ ဆရာညီပုလေး၊ ဆရာသန်းစိုးနိုင်၊ ဆရာသင့်နော်၊ ဆရာစိုးဘားဒိုင်နှင့် ကျွန်တော်တို့ဖြစ်သည်။ စုစုပေါင်း ၁၁ ယောက်။ မပိုကြေး။ မလိုကြေး။ ရေကုန်ရေခန်း နွှဲကြမည့်ပွဲလည်း ဖြစ်သည်။ ပရိသတ်က ရုံပြည့်ရုံလျှံ၊ ကမ္ဘာ့ဖလားပွဲရှိသည်ပင် လူငယ်အများစုက စာပေဟောပြောပွဲဆီဦးလှည့်လာကြသည်။ ဟောပြောပွဲမစမီ ရှေ့နောက်အစီအစဉ်ကပင် ငြင်းကြ၊ ခုံကြ စိတ်ကောက်ကြနှင့် ပျော်စရာကောင်းလှ၏။
ညဦးပိုင်း ၇ နာရီမထိုးမီကပင် မြို့ခံတီးဝိုင်းအဖွဲ့နှင့် ဖျော်ဖြေကာ မြို့မှ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသူလေးများ၏ ရုပ်သေး အစီအစဉ်ပင်ပါသေး၏။ ၇ နာရီ၊ နာရီကစ၍ ဟောပြောလိုက်ကြတာ သန်းခေါင်ကျော်သန်းလွဲ နာရီပြန် ၂ ချက်ထိုးကျော်မှ ပြီးသည်။
ထိုခရီးစဉ်တွင် ထူးထူးခြားခြား ရန်ကုန်က ဆရာသန်းစိုးနိုင် ပါလာတာကလည်း မှတ်မှတ်ရရဖြစ်သည်။ ဆရာသန်းစိုးနိုင်က ကန်တော်ကြီးအနောက်ခြမ်း ဆရာနေဝင်းမြင့်တိုက်ခန်းမှာ ခဏအလည်ရောက်ခိုက် သည်လူအုပ်ကြီးကိုမြင်ပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်၊ တည်းသည့်ဆွေမျိုးအိမ်ကိုပင် အသိမပေးနိုင်ဘဲ ကောက် ကာငင်ကာလိုက်ခဲ့ခြင်းဖြစ်၏။ သူ့လို လျှပ်တစ်ပြက် ဧည့်သည်တစ်ဦးက မြစ်ကြီးနားက ဥတ္တရလမင်း ဦးသန်းဆွေ ဖြစ်သည်။ သူကမန္တလေးသို့ အလုပ်ကိစ္စတစ်ခုဖြင့်လာသည်။ နောက်ရက်ပြန်ရုံ။ သို့သော်အခုလို တစ်ဖွဲ့ကြီးခရီးသွားကြမည်ဆိုတော့ သူ့ညီကိုတင့်နှင့်အတူ ကားလေးဆွဲကာ လိုက်ခဲ့ခြင်းဖြစ်၏။ သူ့ကားလေးပါလာတော့ ပိုလို့အဆင်ပြေတာပေါ့။ ဒေါ်ဒေါ်လူထုဒေါ်အမာက ကိုညီပုလေး၊ ကိုကျော်ရင်မြင့်တို့နှင့်အတူ ဦးသန်းဆွေကားနှင့် ရှေ့ပြေးထွက်သည်။ ဒေါ်ဒေါ်လူထုဒေါ်အမာ ငှားပေးသော မီနီဘတ်စ်အဲကွန်းမှန်လုံကားပေါ်မှာ ကိုညိုထွန်းလူ၊ ကိုနေဝင်းမြင့်တို့စိတ်ကြိုက် သဘောကျစီးကရက်တဖွာဖွာ၊ ကွမ်းတပစ်ပစ်လုပ်နိုင်ကြတော့၏။ ကျွန်တော်တို့ကလည်း အာတဖောင်ဖောင်အသံတစာစာနှင့်တဝါးဝါးတဟားဟား ပြောချင်ရာ ပြောလာကြသည်။ ပျော်စရာ။ အသက်(၅၀) နားနီး (၅ဝ)ကျော် ကျွန်တော်တို့မှာ ဒေါ်ဒေါ်နှင့် ခရီးအတူသွားရတာ ပီဘိ ၁၄၊ ၁၅ နှစ် ကလေးငယ်လေးတွေပမာ။
စလင်းသို့ ခရီးဆက်
ဆင်ဖြူကျွန်း ဇာတ်ရုံကြီးထဲမှာဆရာတော် ဦးစန္ဒိမာနှင့်တွေ့လည်း ဆရာတော်က ကိုလမင်း(စလင်း)ကလောင်ဖြင့် ကဗျာတွေ ရေးနေဆဲကာလ။ ဆရာတော်ကကျွန်တော့်ဘေးထိုင်ရင်း စကားတတွတ်တွတ် ပြောသည်။ သူသိချင်သော စာပေကြောင်းခြင်းရာတွေက အများသား။ ဟောပြောပွဲပြီးတော့ ညကြီးမိုးချုပ် ဆိုင်ကယ်တစ်စီး စီစဉ်ကာ စလင်းသို့ ပြန်ကြွသွားသည်။
နောက်ရက် မနက်စာကြည့်တိုက်ဖွင့်ပွဲအပြီး စလင်းအထက စာကြည့်တိုက်ကို ဝင်ကြည့်ကာ အပြန်ခရီးစသည်။ စကုမင်းဘူးဘက်က လှည့်ပြန်မှာမို့ စလင်းညောင်နှစ်ပင်ကျောင်းကို လှည့်ဝင်ဖြစ်သည်။ ဆရာတော်မှာ ဝမ်းသာလို့မဆုံးတော့။ ရှိသမျှချကျွေး၊ စကားတွေပြော၊ ဓာတ်ပုံဆရာအပြေးအလွှားခေါ်ကာ ဓာတ်ပုံရိုက်၊ မမောနိုင်၊ မပန်းနိုင်။ ကျွန်တော်ကတော့ မန္တလေးအဖွဲ့နှင့် ဆရာတော်ကား အကျိုးဆောင်ဧည့်ခံသူ။
“ကိုဆူးရေ”ဟု ခေါ် ခေါ်ပြီး ဆရာတော်က သတိရ သမျှ စားစရာတွေကျက်သရေခန်းထဲက၊ ရေခဲသေတ္တာထဲက၊ မီးဖိုချောင်ထဲက ထုတ်ခိုင်းပြီး ကျွေးမွေး၏။ အပြန်ကား ပေါ်စားဖို့တဲ့။ ဘီစကွတ်မုန့်ထုပ်တွေ၊ ငှက်ပျောသီးတွေ အများကြီးထည့်ပေးလိုက်သည်။
ရဟန်းစာဆိုနှင့် ဒေါ်ဒေါ်လူထုဒေါ်အမာမှာလည်း စာနှင့်၊ ဖုန်းနှင့် ရင်းနှီးပြီးသားမို့ အိမ်ရှင်ဧည့်သည်ဟု သူစိမ်းမဆန်ဘဲ ကိုယ့်သားချင်း ရပ်ရွာ၊ ကိုယ့်သားချင်းကျောင်းသို့ ရောက်လာကြသည့်မိသားစုလိုဖြစ်နေတော့သည်။ ရဟန်းစာဆိုကိုလမင်း(စလင်း)က အချိန်ရသည့်အခိုက် အမေနှင့်စာအကြောင်းပေကြောင်းပြောရင်း စလင်းမြို့က နာမည်ကျော်သာသနိကဌာနကြီးများ လိုက်ပို့သည်။ စလင်းကတန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ထို့နောက် ရှင်ဘုရင်လက်ထက်က သူကောင်းမျိုးများ အကြောင်း. . . ။
ငါတို့ ကလောင်တစ်ချောင်း တိုးသွားပြီကွယ့်
စလင်းမြို့တွင်း လေ့လာရေးခရီးအပြီးညောင်နှစ်ပင် ကျောင်းမှာ စားရင်းသောက်ရင်း ပြန်နားကြတော့ ဒေါ်ဒေါ် လူထုဒေါ်အမာက “ကိုယ်တော့်ကို ရင်းရင်းနှီးနှီး ပြောရဦးမယ်။ ကိုယ်တော့် ရပ်ရွာမှာ အဖိုးတန်ကုန်ကြမ်းတွေ၊ ရေးစရာသားစရာတွေ အများကြီးရှိနေတာကိုး။ စလင်းဆိုတာ ဘာသာရေးနှင့် ပတ်သက်ရင် လျှမ်းလျှမ်းတောက် အထင်ကရချည်းပဲလေ။ ဖေတော့မောင်တော့ ကဗျာတွေစပ်ရုံနှင့် မတင်းတိမ်ပါနှင့်တော့။ စလင်းမြို့က ဆရာတော်ကြီးတွေ၊ အခြားသာသနိကနေရာတွေ၊ စလင်းမြို့က သူကောင်းကြီးတွေအကြောင်း ရေးပါဦး။ ကိုယ်တော့်မှာ တာဝန်ရှိတယ်နော်”ဟု ပြောခဲ့သည်။ ဟော..ကျွန်တော်တို့ ထိုခရီးစဉ်ကအပြန် လအနည်းငယ်မှာပင်ကဗျာဆရာ ကိုလမင်း(စလင်း) က ဦးစန္ဒိမာ(စလင်း) ကလောင်အမည်ဖြင့် စလင်းမြို့ကထေရ်ကြီး ဝါကြီး ဆရာတော်ကြီးတွေအကြောင်းဆောင်းပါးတွေ ဆက်တိုက်ဆက်တိုက် ရောက်လာတော့၏။
ထိုဆောင်းပါးတွေကို ဒေါ်ဒေါ်လူထုဒေါ်အမာက မပျက်မကွက် ဖတ်သည်။ အမေက ဆရာတော့်ဆောင်းပါးတွေဖတ်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ “ငါတို့ ကလောင်တစ်ချောင်း တိုးသွားပြီကွယ့်”ဟု ကျွန်တော်တို့ရှေ့မှာ အားရဝမ်းသာ ပြောသည်။ ကဗျာဆရာက စကားပြေ ရေးလာသောကြောင့် ဆောင်းပါးတွေမှာ အနုအလှလေးတွေတော့ ပါသပေါ့။ ထိုအခါ ဒေါ်ဒေါ်လူထုဒေါ်အမာက ဆရာတော့်ကို ရင်းရင်းနှီးနှီးပင် စကားပြေကို ခံ့ခံ့ညားညားနှင့် အချက်အလက်အားပြုရေးဖို့ အကြံပေးပြန်သည်။ ထို့နောက် ဦးစန္ဒိမာ(စလင်း)၏ ဆောင်းပါးတွေ လေးနက်ခံ့ညားလာသည်။ အဆိုပါဆောင်းပါးတွေကို စုစည်း၍ “စလင်းမြို က လင်းတဲ့ သာသနာ့အရောင်’ဆောင်းပါးပေါင်းချုပ် စာအုပ်လည်းလူထုကြီးပွားရေးစာအုပ်တိုက်က ထွက်ရှိလာသည်။
ကလောင်ဆိုတာ ဓားလိုပဲကွယ့်
အမေလူထုဒေါ်အမာက စာရေးဆရာတွေ အပျင်းထူပြီး စာမရေးဖြစ်လျှင် သတိပေးသည်။ တိုက်တွန်းသည်။ “ကလောင်ဆိုတာ ဓားလိုပဲကွယ့်၊ မရေးဘဲ ပစ်ထားတာကြာ ရင် သံချေးတက်ပြီး တုံးသွားတတ်တယ်။ ပုံမှန်ရေးဖြစ်အောင် ကြိုးစားကြ။ တို့မှာ ရေးစရာတွေ အများကြီးကွယ့်၊ စာမရေးဖြစ်လောက်တဲ့ အခြားအခက်အခဲရှိရင်လည်း ပြောကြ၊ တို့တတ်နိုင်တာ ကူညီမယ်”ဟု ပြောသည်။ ထိုသို့ အဓိပ္ပာယ်ရှိသော စကားမျိုးကို ဒေါ်ဒေါ်က တွေ့သည့်စာရေးဆရာတိုင်း ရင်းရင်းနှီးနှီးပြောသည်။ ထို့ကြောင့် ထိုသို့သောစကားကို ကဗျာဆရာ ကိုလမင်း(စလင်း) တစ်ဖြစ်လဲ ဆရာတော် ဦးစန္ဒိမာ(စလင်း)ကို ပြောဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာက ဖုန်းအဆက် အသွယ်မပြတ်ရှိကြသလို နှစ်စဉ် နိုဝင်ဘာ ၂၉ရက် အမေ လူထုဒေါ်အမာ မွေးနေ့တိုင်း မန္တလေးသို့ ဆရာတော်က မပျက်မကွက် လာရောက်ကာ အမေနှင့် စကားတွေပြောဖြစ်နေသည်။ ထို့ကြောင့်လည်း ဆရာတော့်ထံက ကိုလမင်း (စလင်း)၏ ကဗျာကလောင်ထက် ဦးစန္ဒိမာ(စလင်း) ကလောင်နှင့် ဘာသာရေးဆောင်းပါးတွေ ဒလဟောထွက်လာသည်။ ထိုမျှမကသေး၊ တင့်လွင်ကျော်ဖြိုးကလောင်နှင့် ကျေးလက် ဘဝသရုပ်ဖော်ဝတ္ထုတွေလည်း ထွက်လာသည်။ နောက်ထပ်လည်း တောစိမ့်သား တောစိမ့်စကားကဲ့သို့ကျေးလက်ဟာသတွေလည်း ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ် ထွက်လာပြန်၏။ အဆိုပါ ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ်တွေက နောက်တော့ လုံးချင်းစာအုပ်တွေအဖြစ် ဟောတစ်အုပ်၊ ဟောတစ်အုပ် ထွက်ရှိလာပြန်၏။
ရတနာပုံကြီးပေါ် ရောက်နေပြီး ရတနာပုံမှန်း မသိခဲ့ဘူး
ဆရာတော်က ကျွန်တော်နှင့်တွေ့တိုင်း တခုတ်တရ စကားတစ်ခွန်း ဆိုသည်။ “ကိုဆူးရေ… ကျုပ်မှာ ဒကာမကြီး လူထုဒေါ်အမာရဲ့ ကျေးဇူးက အင်မတန်ကြီးတယ်။ ကျုပ်မှာ ရတနာပုံကြီးပေါ် ရောက်နေပြီး ရတနာပုံမှန်းမသိခဲ့ဘူး။ ဒီရတနာတွေ တတ်နိုင်သလောက် ဖော်ထုတ်တော့လည်း ရတနာနဲ့ထိုက်တန်တဲ့ ပြုမူဆောင်ရွက်ချက်မျိုး ဖြစ်အောင် လမ်းတည့်ပေးခဲ့တယ်။ ကျုပ် တစ်ဘဝလုံးအတွက် အဖိုးတန်တဲ့ ဒကာမကြီးရဲ့အမွေပါပဲ”တဲ့။ ထို့ကြောင့်လည်း ဆရာတော်က မန္တလေးကို သံယောဇဉ်ကြီးလှသည်။ မန္တလေးဝတ္ထု။ မန္တလေးမဂ္ဂဇင်း၊မန္တလေးစာအုပ်၊ သီချင်းတောင် မန္တလေးသီချင်းမှ၊ တီးဝိုင်းဆိုမြို့မမှ၊ အငြိမ့်ဆို အမာစိန်၊ မြို့တော်ပေါစံမှတဲ့။ ဒါပေမဲ့ ဆရာတော်က စလင်းသားစစ်စစ်ဖြစ်သည်။“မန္တလေးသား ဝင်စားသလားမသိပါဘူးဗျာ”တဲ့။ ဆရာတော်က မိန့်ဖူး၏။
မန္တလေးပဋ္ဌာန်းဆက်များ
စကားမစပ်၊ ဆရာတော်လိုပဲ မန္တလေးသူ၊ မန္တလေးသား မန္တလေးအဆက်အသွယ်မဟုတ်ဘဲ ယုတ်စွအဆုံး မန္တလေးသို့ မရောက်ဖူးခင်ကပဲ မန္တလေးတမ်းတမ်းစွဲဖြစ် သောသူတစ်ဦးကိုလည်း တွေ့ဖူးပါ၏။ သူက ရန်ကုန်သူစစ်စစ်ဖြစ်သည်။ မိဘများလည်း မြစ်ဝကျွန်းပေါ်သားတွေ။ ရန်ကုန်မွေး၊ ရန်ကုန်ကြီး၊ ရန်ကုန်ကျောင်းတက်၊ ရန်ကုန်မှာပင် အလုပ်ခွင်ဝင်သည်။ ကျောင်းပြီးသည်အထိ မန္တလေးသို့မရောက်ဖူး။ သို့သော် လူမှန်းသိတတ်ကတည်းက မန္တလေးကိုစွဲလမ်းနေသတဲ့။ မန္တလေးအကြောင်းများပါသည့်စာအုပ် စာတမ်းဆိုလက်ကမချ။ ထို့အတူ မန္တလေးသီချင်းပဲနားထောင် ဖြစ်သည်။ ဇာတ်ဆိုလည်း မောင်ယဉ်အောင်၏ ပြဇာတ်များနှင့်မြို့တော်အင်အားသစ်မှတဲ့။ ၁၉၉ဝ ပြည့်နှစ်ကျော်ကာလက ရန်ကုန်-ဆူးလေဘုရား ဘုရားပွဲတွင် မန္တလေးမြို့မအဖွဲ့ သွားရောက်ဖျော်ဖြေတော့ ပွဲစသည်မှ အောင်စည်ယွန်း သည်အထိ မထတမ်းထိုင်ကြည့်ဖြစ်တာတဲ့။ အိမ်မှာဖွင့်သမျှ သီချင်းကလည်း မြို့မသီချင်း၊ ပြက္ခဒိန်ကိုပင်လျှင် မန္တလေး ပုံရိပ်ပါသည့် ပြက္ခဒိန်ကိုပဲ ချိတ်သတဲ့။
မဂ္ဂဇင်းတွေ ဖတ်တော့လည်း မန္တလေးစာရေးဆရာရဲ့ မန္တလေးဝတ္ထုတိုတွေ ရှာဖတ်ပြီး နှစ်ခြိုက်သတဲ့။
ထိုရန်ကုန်သူက “ကျွန်မ ဘာလို့များ မန္တလေးကို စွဲလမ်းနေသလဲ မသိပါဘူး။ ကျွန်မက ကံ့ကော်တောမှာ မွေးခဲ့ပေမယ့် မန္တလေးဝတ္ထုတွေထဲမှာ ပါတဲ့ သရဖီပန်းကို မမြင်ဖူးဘဲ တမ်းနေမိတယ်။ ပန်းဒဏ္ဍာရီဇာတ်ကားပြပြချင်း သွားကြည့်ပြီး သရဖီပန်းတွေကို မြင်ဖူးချင်လိုက်တာ”ဆိုပြီး ကျွန်တော့်ကို ပြောပြဖူးသည်။ လုပ်ငန်းခွင်မှာပဲ ဝေါ့ခ်မင်းကက်ဆက်လေးထဲ မြို့မသီချင်းခွေဖွင့်ပြီး နားကြပ်တပ်လိုက်မှ လုပ်ငန်းတွင်သတဲ့လေ။ “အင်း. . တစ်ခုတော့ ရှိတယ်။ မိဘဘက်က ဘီ၊ ဘင် တချို့ကတော့ ပါတော်မူပြီးနောက် နန်းတွင်းကရှောင်တိမ်းပြီး မြစ်ဝကျွန်းပေါ်ရောက်လာကြတာလို့တော့ ကြားဖူးတယ်”ဟု ဆိုသည်။
သည်တစ်ခါဆရာတော်ဦးစန္ဒိမာ(စလင်း) ဖုန်းဆက်လာလျှင် မေးကြည့်ရဦးမည်။ ဆရာတော်၏ ဘီ၊ ဘင် အဆက်အနွှယ်မှာ မန္တလေးဇာတိပါလေမည်လားမသိ။
ရေးသူ – ဆူးငှက်
