သိန္နီမှာ လူသတ်မှုကျူးလွန်သူ နှစ်ဦးကို MNDAA သေဒဏ်ချ (ရုပ်သံ)

စက်တင်ဘာ ၂၆၊ ၂၀၂၅။
NN(VOM)
ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ လူသတ်မှုကျူးလွန်သူ အမျိုးသား နှစ်ဦးကို သေဒဏ်ချမှတ်ပြီး၊ အမျိုးသား ငါးဦးကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိန္နီမြို့ခံတွေက ပြောပါတယ်။
သိန္နီမြို့ ပန်လော့ဈေး အများပြည်သူ့ရှေ့မှာ ဒီမနက်ပိုင်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိန္နီမြို့ခံ တယောက်က ပြောပါတယ်။
“တရုတ်စာသင်တဲ့ ဆရာမလေးကို သတ်တဲ့ အမျိုးသား တစ်ယောက်နဲ့ မိုင်းလီရွာက မြေးအဖိုး နှစ်ယောက်ကို သတ်တဲ့ တရားခံထဲက တစ်ယောက်ပါတယ်။ နှစ်ယောက်ကို သေဒဏ်ပေးတာ။ ကျန်တဲ့သူတွေကတော့ လားရှိုးဘက်က ပြန်ပေးဆွဲတဲ့ အဖွဲ့တွေဆိုပြီး ဖမ်းလာတာ” လို့ ပြောပါတယ်။
လူသတ်မှု ကျူးလွန်သူ နှစ်ယောက်ကို သိန္နီ သုဿာန်မှာ စီရင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သုဿာန်မှာ သေနတ်နဲ့ ပစ်ပြီး စီရင်မယ်၊ မိသားစုတွေ အလောင်းလာယူပြီး သင်္ဂြိုဟ်လို့ ရမယ်လို့ ပြောတယ်” လို့ မြို့ခံ နောက်တယောက်က ပြောပါတယ်။
ကျန်တဲ့ အမျိုးသား ငါးဦးကိုတော့ ထောင် ငါးနှစ်ကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချခံဖို့ စီရင်ချက်ချလိုက်တာလို့ မြို့ခံတွေက ပြောပါတယ်။
သေချဒဏ် ခံရသူ နှစ်ဦးဟာ တရုတ်လူမျိုးတွေ ဖြစ်ပြီး၊ နှစ်ရှည်ထောင်ဒဏ် ခံရသူတွေက ဗမာနဲ့ ရှမ်းတိုင်းရင်းသားတွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုနှစ် ဧပြီ ၄ ရက်နေ့တုန်းကလည်း လားရှိုးမြို့ အတင်းဓါးပြတိုက် လူသတ်မှု ကျူးလွန် သူတွေထဲက အမျိုးသား ငါးဦးကို လားရှိုး လေယာဉ်ကွင်း အများပြည်သူရှေ့မှာ ကိုးကန့် တပ်ဖွဲ့က သေဒဏ်ချမှတ် စီရင်ခဲ့ပါတယ်။
ဒီလို အများပြည်သူရှေ့မှာ လူသတ်မှု စီရင်မှုတွေဟာ လူ့အခွင့်အရေးနဲ့ မညီတာကြောင့် ဝေဖန်မှု တွေလည်း ရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW