ရေးမြို့နယ် လမိုင်းမှာ ဆွမ်းကြီးလောင်းပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ပစ်ခတ်ခံရလို့ တယောက်သေပြီး တယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၈ ၊၂၀၂၅
GG (VOM)
မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ​လမိုင်းမြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ် ရေးမှူး သေဆုံးကာ ရာအိမ်မှူး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူက လမိုင်းမြို့၊အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကတော့ ရာအိမ်မှူးဖြစ်သူ ဦးသန်းဝင်ဖြစ်ကြောင်း သိရပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့နှစ်ယောက်က လမိုင်းမြို့ဆွမ်းလောင်းပွဲကနေပြန်လာပြီး နေအိမ်အရှေ့ရောက်ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
“ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ သူတို့ဆွမ်းကြီးလောင်းပွဲကနေ ကားနဲ့ပြန်လာတာကို အိမ်ရှေ့အဝင်ဝမှာပစ်ခံရတာ။ရာအိမ်မှူးဆိုသူက ခေါင်းထိပြီးနေရာမှာပဲသေတယ်။ သူနဲ့ပါတဲ့ရာအိမ်မှူးက လည်ပင်းကိုရှပ်ထိတယ်။ လာပစ်တဲ့သူတွေကဆိုင်ကယ်နဲ့လို့သိရတယ်။ ဘယ်အဖွဲ့လည်းမသိပါဘူး။ ” လို့ ဒေသခံကပြောပါတယ်။
ရာအိမ်မှူး ဦးသန်းဝင်းက လက်ရှိ ဆေးရုံမှာကုသမှုခံယူနေကြောင်း အုပ်ချုပ်ရေးမှူး အလောင်းကိုလည်းဆေးရုံပို့ထားတယ်လို့ သိရပါတယ်။ ပစ်ခတ်သွားသူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ကနဦးသိရပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ်က အံဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် နဲ့ရာအိမ်မှူး ဦးသောင်းစိန်ဆိုသူတို့ နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ရေးကို ရွေးကောက်ပွဲကိစ္စအတွက်သွားရောက်ခဲ့တဲ့ PPP ပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌဖြစ်အပါအဝင် လေးယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ရေး – သံဖြူဇရပ် လမ်းပိုင်းမှာ ဖမ်းဆီးမှုဖြစ်စဥ်ရှိခဲ့ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW