အောက်တိုဘာ ၁၉ – ၂၀၂၅
SN (VOM)
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဒဏ်သင့် ဒေသတွေက ပြည်သူတွေ အနေနဲ့ ပြန်လည် ထူထောင်ရေးအတွက် ချေးငွေတွေ စတင် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်က ထည့်ဝင်ပံ့ပိုးတဲ့ ရန်ပုံငွေနဲ့ သက်တမ်း ၃ နှစ်မှ ၅ နှစ်အထိရှိတဲ့ ချေးငွေတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက ငလျင်ကြီးဖြစ်ပြီး ခုနစ်လနီးပါးကြာမှ ချေးငွေ လျှောက်ဖို့ဆိုပြီး အသိပေးလာတာပေါ့။ အမှန်က ချေးငွေ ဆိုတာထက် ပံ့ပိုးပေးငွေပဲ ဖြစ်သင့်တယ်။ သူတို့က အတိုးနှုန်း သက်သက်သာသာနဲ့လို့ ပြောထားပေမယ့် ပြန်မဆပ်နိုင်ရင် အတိုးက တက်နေမှာ” လို့ ငလျင်ဒဏ်သင့်ဒေသက ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် လတ်တလော နိုင်ငံအတွင်း အခြေအနေတွေနဲ့ စီးပွားရေး ကောင်းမွန်နိုင်မှု အာမခံချက် ရှိမနေတဲ့ အနေအထားတွေအရ အချိန်တန် ပြန်ဆပ်နိုင်ဖို့ ဆိုတာကလည်း မရေရာတဲ့အတွက် ချေးငွေ မလျှောက်တော့ဖို့ ဆုံးဖြတ်ထားတယ်လို့ သူက ပြောပါတယ်။
“လျှောက်လည်း ရချင်မှ ရဦးမှာ။ အခုက ချေးငွေ လျှောက်နိုင်ပြီလို့ပဲ ကြေညာထားတာ။ ဘယ်အချိန် ထုတ်ချေးမယ် ဆိုတာကလည်း မသိရဘူးလေ” လို့ သူက ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ လက်ရှိ ချေးငွေ လျှောက်ထားနိုင်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ နေအိမ်နဲ့ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ် ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှု ချေးငွေအတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် စက်ရုံလုပ်ငန်းကြီးတွေ ပြန်လည်ပြုပြင်ရေးနဲ့ လည်ပတ်နိုင်ရေး ချေးငွေအတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ နိုင်ငံပိုင် အခြေခံ အဆောက်အအုံတွေ တာဝန်ယူ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် ယာယီချေးငွေ အတိုးနှုန်း ၇ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒီချေးငွေ အစီအစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့အတွက် AYA Bank PCL, uab Bank PCL, CB Bank PCL နဲ့ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co.,Ltd နဲ့ Zega Finance Co., Ltd စတဲ့ ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ရွေးချယ်ထားပြီး ချေးငွေဆိုင်ရာ စံပြု လုပ်ငန်းစဉ်တွေနဲ့အညီ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ချေးငွေ လျှောက်နိုင်ပြီပြောတယ်။ အတိုးနှုန်းတွေလည်း ဘယ်လောက် ဆိုတာ ပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ငန်းမျိုး၊ ဘယ်လို လူမျိုးတွေကို ဘယ်လောက် ထုတ်ချေးပေးမယ်ဆိုတာ တိတိကျကျ မပါဘူး။ ဘယ်တော့ ချေးငွေး ချပေးမယ်ဆိုတာလည်း မပါဘူး။ ဒါပေမယ့် လျှောက်တော့ လျှောက်ကြည့်လိုက်ပါဦးမယ်။ ပမာဏ နည်းတယ် ဆိုရင်တော့လည်း မယူတော့ဘူးလို့ ဆုံးဖြတ်ထားတယ်” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ လူသေဆုံး၊ ဒဏ်ရာရမှုတွေအပြင် လူနေအိမ်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ များစွာ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
Photo – VOM
