သိန္နီမှာ တစ်သျှူးငှက်ပျောစိုက်ဖို့ တရုတ်လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေ

နိုဝင်ဘာ ၁၃၊ ၂၀၂၅။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ထိန်း ချုပ်ထားတဲ့ သိန္နီမြို့မှာ တစ်သျှူး ငှက်ပျော စိုက်ဖို့အတွက် တရုတ်လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေပြီး မြေငှားရမ်းဖို့အတွက် လာရောက်လေ့လာမှုတွေ လုပ်နေတယ်လို့ သိန္နီမြို့ ခံတွေက ပြောပါတယ်။
အခုလအတွင်း တရုတ်ပြည် ရွှေလီနဲ့ လင်ချန်း နယ်စပ်ကနေ တရုတ်လုပ်ငန်းရှင်တွေ နေ့တိုင်းနီးပါး သိန္နီမြို့ကို ရောက်လာပြီး မြို့အနောက်ဘက် မိုင်းပါးရွာနဲ့ ဟိုနားရွာ တဝိုက်က မြေတွေကို လာရောက်လေ့လာနေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ပန်လော့ရွာနဲ့ စယ်အူရွာမှာက ပြောင်းစိုက်ခင်းတွေ၊ ကြံစိုက်ခင်းတွေ ဖြစ်နေပြီ။ အခုက တစ်သျှူး ငှက်ပျောအတွက် ဆိုပြီး မြေနေရာတွေ လာကြည့်နေကြတာ။ သူတို့က မြို့ အနောက်ဘက်အခြမ်းကို ပိုစိတ်ဝင်စားနေကြတယ်” လို့ သိန္နီမြို့ခံတယောက်က ပြောပါတယ်။
တရုတ်နယ်စပ်နဲ့ နီးတာအပြင် စိုက်ပျိုးမြေကောင်းမွန်တာကြောင့် သိန္နီမြို့မှာ စိုက်ပျိုး ရေး လုပ်ဖို့ တရုတ်နိုင်ငံသားတွေက ပိုစိတ်ဝင်စားကြတာလို့ ဒေသခံတွေကပြောပါတယ်။
သိန္နီမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စပါးအများဆုံး စိုက်ပျိုးတဲ့မြို့ဖြစ်ပြီး စပါးစိုက် တဲ့ လယ်ယာမြေတွေကိုလည်း တစ်သျှူး ငှက်ပျောနဲ့ ဖရဲစိုက်ခင်းအတွက် တရုတ်လုပ် ငန်းရှင် တွေက ငှားရမ်းဖို့ ပြင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တရုတ်လုပ်ငန်းရှင်တွေ လာရောက် ငှားရမ်း၊ ဝယ်ယူတာကြောင့် မြို့တွင်းမှာမြေဈေးတွေ အဆမတန် တက်ကုန်တယ်လို့ မြို့ခံ နောက်တယောက်က ပြောပါတယ်။
“အခုတစ်သျှူးမတိုင်ခင်ကတည်းက ကြံနဲ့ပြောင်းအတွက် ဆိုပြီး လာငှားနေတာ။ အခုက မြို့ထဲနဲ့ မြို့ပတ်လည်မှာ မြေဈေးက ထောင်နဲ့ချီပေါက်နေပြီ။ အရင်က တစ်ရာတန်တဲ့ နေရာက ထောင်ဂဏန်းပဲ။ မြို့ထဲမှာက မြေလွတ်မြေလပ်ရှားတာကိုး။ အဲတော့ ရှိတဲ့ နေရာတွေ ဈေးတန်ကုန်တာ” လို့ ပြောပါတယ်။
သိန္နီမြို့ပေါ် ရပ်ကွက်တွေမှာလည်း တရုတ်လူမျိုးတွေက နေအိမ်နဲ့ ဆိုင်ခန်းတွေ ငှားရမ်းပြီး စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေကို လာရောက် ရောင်းချနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မြို့ထဲမှာ ဆိုင်တွေ နည်းတာမဟုတ်ဘူး။ တရုတ်လုပ်ငန်းရှင်တွေပဲ။ အများစုက စယ်အူနဲ့ သိန္နီလမ်းတစ်လျှောက်မှာ ဖွင့်ထားတာ။ စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်တွေနဲ့ ကုန်မာဆိုင်တွေများတယ်” လို့ သိန္နီမြို့ခံတယောက်က ပြောပါတယ်။
မြို့ခံအများစုကတော့ စီးပွားရေးလုပ်ငန်းတွေမှာ တရုတ်လူမျိုးတွေကို မယှဉ်နိုင်တာ ကြောင့် ဈေးကောင်းရတဲ့ အိမ်၊ ခြံမြေတွေကို နှစ်ရှည် ငှားရမ်းတာ၊ ရောင်းချတာတွေ လုပ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မူဆယ်–လားရှိုး–ကွမ်လုံ လမ်းပိုင်းပေါ်မှာ ရှိတဲ့ စီးပွားရေးအရ အချက်အခြာကောင်းတဲ့ သိန္နီမြို့ကို ၂၀၂၇ တိုက်ပွဲအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါ တယ်။
သိန္နီမြို့ကို ပြန်လည်လွှဲပြောင်းပေးရေးအတွက် အစိုးရနဲ့ MNDAA တပ်ဖွဲ့တို့ လားရှိုးမှာ မကြာခဏ တွေ့ဆုံဆွေးနွေးနေကြပေမယ့် နှစ်ဝက်ကျော်ကြာလာတဲ့အထိ ဘာမှထူး ခြားတာ မျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပုံ CJ
ပုံစာ သိန္နီမြို့ အဝင်နေရာအား တွေ့ရစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW