အမေရိကန်သမိုင်းမှာ အကြာရှည်ဆုံး အစိုးရရပ်ဆိုင်းမှု အဆုံးသတ်ပြီ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ နိုင်ငံသမိုင်းတွင် အကြာရှည်ဆုံး အစိုးရရပ်ဆိုင်းမှုကို အဆုံးသတ်နိုင်မယ့် ဥပဒေကြမ်းတရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်က အဲဒီဘဏ္ဍာရေးဆိုင်ရာ ဥပ‌ဒေကြမ်းကို ထောက်ခံမဲ ၂၂၂ မဲ၊ ကန့်ကွက်မဲ ၂၀၉ အတည်ပြုပြီးနောက် များမကြာမီမှာ ထရန့်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီမိုကရက်အမတ် ခြောက်ယောက်က ရီပတ်ဘလီကန်အမတ်တွေနဲ့အတူ ထောက်ခံမဲပေးခဲ့ကြပါတယ်။
အစိုးရ ရပ်ဆိုင်းမှုစတင်ကတည်းက လက်ရှိအချိန်ထိ ၄၃ ရက်ရှိပြီဖြစ်ပါတယ်။ ဖက်ဒရယ်ဝန်ထမ်းထောင်ပေါင်းများစွာဟာ လစာမရဘဲ အလုပ်လုပ်နေကြပြီး ဖက်ဒရယ်အစီအစဉ်တွေ ၊ အေဂျင်စီတွေနဲ့ ဌာနတွေလည်း ရန်ပုံငွေမရှိဘဲ ရပ်တန့်နေခဲ့ကြပါတယ်။
တနင်္လာနေ့မှာတော့ အမေရိကန်အထက်လွှတ်တော်ဟာ အစိုးရ ရပ်ဆိုင်းမှုကို အဆုံးသတ်ဖို့နဲ့ အစိုးရကို ရန်ပုံငွေထောက်ပံ့မယ့် ဥပဒေကြမ်းတရပ်ကို အတည်ပြုခဲ့ပြီး ဒီကနေ့မှာတော့ အောက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
သမ္မတ‌ဒေါ်နယ်ထရန့်ကတော့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကို ချီးကျူးလိုက်ပြီး အလွန်ကြီးမားတဲ့ အောင်ပွဲလို့ ဆိုပါတယ်။ နောက်ထပ်ဒီလို ထပ်ဖြစ်ခွင့်မပေးဘူးလို့ ထရန့်က ဆိုပြီး ဒါဟာ နိုင်ငံတနိုင်ငံကို အုပ်ချုပ်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ပြောပါတယ်။
ဥပ‌ဒေအရ ဖက်ဒရယ်ဝန်ထမ်းတွေဟာ မနက်ဖြန်မနက်ပိုင်းကစပြီး လုပ်ငန်းခွင်တွေကို ပြန်လည်ရောက်ရှိကြမှာဖြစ်ပေမယ့် အစိုးရဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းဆောင်တာတွေကတော့ ဘယ်လောက်မြန်မြန် ပြန်လည်စတင်နိုင်မလဲဆိုတော့ မသေချာသေးပါဘူး။ သဘောတူညီချက်အရ ဇန်နဝါရီ ၃၀ ရက်အထိ အစိုးရရန်ပုံငွေတွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
အစိူးရ ရပ်ဆိုင်းမှုကြောင့် လေယာဉ်ခရီးစဉ် နှစ်သောင်းကျော် နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းမှုတွေ ပြုလုပ်ခဲ့ရပြီး လူထုအတွက် အစားအသောက်ထောက်ပံ့မှု အကျိုးခံစားခွင့်တွေ ရပ်ဆိုင်းခဲရကာ ဖက်ဒရယ်ဝန်ထမ်းတွေ အလုပ်ခေတ္တရပ်နားရတာတွေနဲ့ လစာမရတာတွေ ကြုံတွေ့ခဲ့ရပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW